မြန်မာနိုင််ငံ၏ ပထမဆုံးသော ကျန်းမာရေး ဖိုရမ်ကို ဇူလိုင်လအတွင်း ကျင်းပမည်

မြန်မာနိုင််ငံ၏ ပထမဆုံးသော ကျန်းမာရေး ဖိုရမ်ကို ဇူလိုင်လအတွင်း ကျင်းပမည်
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန အဆောင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ

ရန်ကုန်၊ ဇူလိုင် ၁၃ ။      ။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျန်းမာရေး ဖိုရမ်( Myanmar Health Forum -MHF) ကို ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တွင် နေပြည်တော်ရှိ Myanmar International Convention Centre II ၌ ကျင်းပသွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားဆက်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး  ဒေါက်တာကျော်ခိုင်က ပြောသည်။

၎င်းက “ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ အနာဂတ် အစီအစဉ်က ၂၀၃၀ မှာ လူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေး ရရှိဖို့ဆိုတဲ့ ကြိုးပမ်းချက် ရှိတယ်။ ဒါကို လုပ်ဖို့အတွက်က ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာန တစ်ခု တည်း လုပ်လို့ မရဘူး။

တစ်နည်းအားဖြင့် public sector တစ်ခုတည်း လုပ်လို့မရဘူး၊ private sector တွေ ပါရမယ်၊ department  partner တွေပါ ရမယ်၊ အဲဒီ  department partner တွေအားလုံးကို ဒီလုပ်ငန်း လုပ်ဖို့ အတွက်တော့ ဒီဧရိယာတွေကို  high light လုပ်ဖို့ လိုနေတယ်။ ဒါကြောင့် ဒီဧရိယာတွေမှာ အားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော်တို့ က ဖိတ်ခေါ်လိုက်တဲ့အနေနဲ့ လုပ်တာပါ” ဟု ဆိုသည်။

အဆိုပါ  ကျန်းမာရေးဆွေးနွေးပွဲကို ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံကျန်းမာရေး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးကော်မတီနှင့် အတူ  UNAIDS ဌာနေရုံး၏ ရန်ပုံငွေထောက်ပံ့မှု၊ အခြားသော ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာ မိတ်ဖက်များ၏ ကူညီထောက်ပံ့မှု များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ “လူထုဗဟိုပြု ဖွံ့ဖြိုး တိုးတက်ဖို့ ကျန်းမာရေး ကဏ္ဍမှာ မြှုပ်နှံစို့ ”ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသွား မည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲကို ကျန်းမာရေးကဏ္ဍ လက်ရှိတိုးတက်ပြောင်းလဲမှုများနှင့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးဆောင်ရွက် ချက်များ ရရှိရေးနှင့် အခြား ပြုပြင်ပြောင်းလဲမှုများ အပါအဝင်အနာဂတ်တွင် ဆောင်ရွက်မည့် အစီအမံများကို အသိပေး တင်ပြနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ကျန်းမာရေးကဏ္ဍ၏ အရေးကြီး သော အစီအစဉ်များကို အလေးထားဆောင် ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

အဆိုပါ ကျန်းမာရေးဆွေးနွေးပွဲတွင် ကျန်းမာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု၏ အကျိူးသက်ရောက်မှု၊ ဖြည့် ဆည်းပေးနိုင်ခြင်း မရှိသေးသော ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များမှစ၍ ကျန်းမာ ရေးကဏ္ဍနှင့် အခြားသောကဏ္ဍများ၏ အချင်းချင်းအပြန်အလှန် အကျိုးပြုအားထားရမှုမှ အရေးပါသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသောဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များနှင့် အဆင့်မြင့် ကိုယ်စား လှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ဟောပြောပို့ချသူများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊  ပညာ ရှင်များ အပါအဝင် ကျန်းမာရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ မဟုတ်သော လှုပ်ရှားဆောင်ရွက်သူ ၇၀၀ ခန့်တက်ရောက် မည်ဖြစ်ကာ ဆွေးနွေးပွဲအပြီးတွင် ပါဝင်သူများက အတည်ပြု လက်မှတ်ရေးထိုး ထားသည့် ကျန်းမာရေးဝန်ကြီးဌာန၏ အနာဂတ်ဆောင်ရွက်မှုဆိုင်ရာကိုလည်း သတင်းထုတ်ပြန်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly