အင်ဒိုနီးရှားတွင် နိုင်ငံခြားခရီးသွားများ လိုက်ပါစီးနင်းလာသော စက်လှေပေါက်ကွဲမှုဖြစ်၍ နှစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

အင်ဒိုနီးရှားတွင် နိုင်ငံခြားခရီးသွားများ လိုက်ပါစီးနင်းလာသော စက်လှေပေါက်ကွဲမှုဖြစ်၍ နှစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

စက်တင်ဘာ ၁၅ ။             ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီနှင့် လွန်ဘော့ဂ်ကျွန်းများအကြား ပြေးဆွဲပေးနေသည့် စက်လှေတစ်စီး စက်တင်ဘာလ ၁၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲများက ပြောသည်။ စက်လှေတွင် နိုင်ငံခြားသားများအပါအဝင် ခရီးသွား ၃၅ ဦးထိ လိုက်ပါစီးနင်းခဲ့ပြီး ဒက်ချ်နိုင်ငံသားတစ်ဦးနှင့် အင်ဒိုနိုင်ငံသား တစ်ဦးတို့   သေဆုံးသွားခဲ့သည်။

" နှစ်ယောက်သေတယ်၊ ၁၃ ယောက် ဒဏ်ရာရတယ်" ဟု ဘာလီကျွန်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာဒီ ဆူဒါနာက ပြောသည်။ စက်လှေပေါက်ကွဲမှုသည် လွန်ဘော့ဂ်ကျွန်း အပြင် ကမ်းရိုးတန်းတွင်   ဖြစ်ပွားခြင်းဖြစ်သည်။

" လှေပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်မျိုးမျိုး ပါလာပုံရပါတယ်၊ ဒါကြောင့်ပေါက်ကွဲတာဖြစ်နိုင်ပါတယ်" ဟု ဆိုသည်။ ယင်းလှေပေါ်တွင် သြစတြေးလျ၊ ဗြိတိန်၊ ကိုရီးယား၊ ပြင်သစ်နှင့် ဂျာမန်နိုင်ငံ သားများလည်း လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။ ဘာလီနှင့် လွန်ဘော့ဂ်ကျွန်းများသည် အင်ဒိုနီးရှား၏ အကျော်ကြားဆုံး ခရီးသွားနေရာများဖြစ်ကြသည်။

လက်ရှိအချိန်ထိ စက်လှေပေါက်ကွဲရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အာဏာပိုင်များက စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags