ရွေးကောက်ပွဲ ဘယ်လဲ၊ ဘာလဲ

ရွေးကောက်ပွဲ ဘယ်လဲ၊ ဘာလဲ

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများတွင် အမှားများနေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပ မည့်ကာလကို သုံးလနောက်ဆုတ်ပေးရန် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဇူလိုင်လ ၁၃ ရက်က စာပေးပို့လိုက်သည်ဟု ပါတီ၏ပြန်ကြားရေး တာဝန်ခံ ဦးကျော်မင်းက မဇ္ဈိမကိုပြောသည့် သတင်းကိုတွေ့လိုက်ရ သည်။

ရန်ကုန်တိုင်းဒေသကြီးမှာတင် မဲစာရင်းက ၅၅ ရာခိုင်နှုန်းကျော် မှားနေဟု ကြားရကြောင်း ၎င်းက ဆိုသည်။ မဲစာရင်းအမှားများ သည့် ကိစ္စကတော့ လူမှုကွန်ရက်များတွင် တွေ့ကြုံရပြီး ဖြစ်ကြလိမ့်မည်။ နာမည်ကျော် အဆိုတော်တစ်ဦးလည်း သူ့နာမည် မပါသဖြင့် လူမှုကွန်ရက်ပေါ် တင်သည်။ ၎င်းနှယ်ပင် နာမည်မပါသူ၊ မိသားစုအလိုက် မဲစာရင်း မပါသူများကလည်း တင်ကြသည်။

၂၀၁၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီး အနိုင်ရရှိစဉ်က မဲပေးခဲ့ရသူ တစ်ဦးကလည်း ထိုစဉ်က သူပေးခဲ့ရသည့် လမ်းမတော်မြို့နယ်တွင် သူ့မဲစာရင်း ပါမလာတော့ကြောင်း ဆိုသည်။

၎င်းကပင် လက်ရှိ ဧည့်စာရင်းဖြင့် ရက်ပေါင်း ၁၈၀ မက ရက်ပေါင်း ၃၆၀ ၏ နှစ်ဆကျော်ကာလထိ နေထိုင်လျက်ရှိသည့် တာမွေ မြို့နယ်တွင်လည်း မပါပြန်ဟု ဆိုသည်။

သို့ဖြင့်ပုံစံ ၆၆/၆ အိမ်ထောင်စုဇယားရှိရာမြောက်ဥက္ကလာမြို့နယ်တွင်မှသူ၏ အမည်စာရင်းမပါပါကမဲပေးရမည့် ကိစ္စနောက်ဆက် တွဲပုံစံများနှင့် လုပ်ရကိုင်ရ ပြေးရလွှားရမည့်အရေး ၎င်းခမျာ ရတက်မအေးစရာ ဖြစ်လျက်ရှိသည်။

ဤတွင် ၂၀၁၀ မဲစာရင်းကို မည်သည့်အတွက် အခြေမခံသနည်း။ ၂၀၁၀ မဲစာရင်းကို အခြေခံပြီး တိုးပွားလာသော၊ သို့တည်း မဟုတ် သေဆုံး၊ ပြောင်းရွှေ့သဖြင့် ယုတ်လျော့သွားသော မဲပေးနိုင်သည့် ဦးရေ စာရင်းကို ပြုစုပါက မလွယ်ကူပါသလော။

လွယ်တာကိုပင် ခက်အောင် လုပ်နေသလား။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပဲ ကြံစည်နေ သလား။ အကယ်၍ အမှား ကြီးအောင်၊ အမှားများအောင် လုပ်နေပါက မရိုးသားမှုကြီးဟု ဆိုရမလို ဖြစ်နေ ချေပြီ။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၈ ရက်က လေးလကြို၍ ကြေညာထားပြီး ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းများကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၏ အိမ်ထောင်စု စာရင်းပုံစံ(၆၆/၆) အပေါ် အခြေခံ၍ မဲစာရင်းပြုစုသည်ဟု ဆိုသည်။

ထိုစာရင်းအရ ပြုစုသည့် စာရင်းမှာ သေဆုံးသူများ ပါဝင်နေသည်ဆိုလျှင် သေချာသည်က ထိုစာရင်း၌ မပါခဲ့သည့် ၁၈နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူများလည်း ပါနိုင်ခြေ မရှိချေ။

ရန်ကုန်တိုင်းမှာပင် ၅၅ ရာခိုင်နှုန်းကျော် မှားနေသည်ဆိုသည်မှာ အလွန်ဖြစ်နိုင်ခြေ ရှိသည်။ သို့ဆိုလျှင် အထွေထွေရွေးကောက်ပွဲ ၌ မဲပေးနိုင်မည့်သူများမှာ အမှန်တကယ် မဲပေးခွင့်ရှိသူ၏ ရာခိုင်နှုန်း မည်မျှသာ ရှိတော့မည်နည်း။

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲပေးပိုင်ခွင့် ရှိပါလျက်၊ အချက်အလက်များလည်း အားလုံး ပြည့်စုံနေပါလျက် မဲမပေးရပါ ဘဲဘေးထိုင်ငေး ငိုင်နေရမည့် အတွက် ၎င်း၏ နိုင်ငံသားတစ်ဦး ရထိုက်သည့် အခွင့်အရေးကို ရရှိစေဖို့ မည်သို့ တာဝန်ယူဆောင် ရွက်ပေးကြမည်နည်း။

တို့ပါတီထဲ မဲထည့်မယ်ဆိုရင် မဲပေးခွင့်ရအောင် လုပ်ပေးမယ်ဆိုတာမျိုးတော့ သိပ်လက်မခံချင်။ အလွန်ကို ဆိုးဝါးသည့် လုပ်ရပ် မျှသာဖြစ် ပါသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ယနေ့မှဆိုလျှင် လေးလပင် မလိုတော့ပါ။ မဲစာရင်းများက အကြီးအကျယ် မှားနေသည်။ မဲစာရင်း အမှန်ကိုပင် အချိန်တိုအတွင်း တည့်မတ်ပေးမည်လော။ ပါတီအချို့တောင်းဆို သလိုရွေးကောက်ပွဲနောက်ဆုတ်ရွှေ့ ဆိုင်းပစ်လိုက်မည်လော။

ယုံမှတ်သဖြင့် ပုံအပ်ထားသည့် တာဝန်ရှိ အဖွဲ့အစည်းသည် ပြဿနာအရပ်ရပ်ကို ချင့်တွက် စဉ်းစား၍ လုပ်ကိုင်ရမည့်အစား အမှားများလှသော စာရင်းကြီးကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲတစ်ရပ် ချောမွေ့ အောင်မြင်မှုကို ထိခိုက်စေမည့် အပြုအမူမျိုး လုပ်လိုက်ခြင်းကို မဇ္ဈိမက ထောက်ပြလိုရင်း ဖြစ်ချေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags