အာဆီယံ ယူ-၁၉ နဲ့ အာရှ ယူ-၁၉ကို တာဝန်ယူကိုင်တွယ်မယ့် နည်းပြ ဂတ်ဇီဆီ

အာဆီယံ ယူ-၁၉ နဲ့ အာရှ ယူ-၁၉ကို တာဝန်ယူကိုင်တွယ်မယ့် နည်းပြ ဂတ်ဇီဆီ

လာမယ့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲနဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို ပြီးခဲ့တဲ့ ယူ-၂၀ ကမ္ဘာ့ဖလား ဝင်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့ မစ္စတာ ဂတ်ဇီဆီ ဖရိုင်းဒရစ်က တာဝန်ယူကိုင်တွယ်တော့မှာပါ။ မြန်မာ့သမိုင်းမှာ ပထမဦးဆုံး ကမ္ဘာ့ဖလား ဝင်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့ နည်းပြ ဂတ်ဇီဆီ အနေနဲ့ မြန်မာ ယူ-၁၈ အသင်းကို နောက်တကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေ ပါတယ်။မြန်မာ ယူ-၁၈ အသင်း ကိုဘယ်လိုပြင်ဆင်မှုတွေ လုပ်သွားမလဲ ဆိုတာကိုတော့ မဇ္ဈိမက အခုလိုမျိုး တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး - မင်္ဂလာပါ မစ္စတာ ဂတ်ဆီဇီ။ အရင်ဦးဆုံး ယူ-၁၈ အသင်းကို ပြန်လည် ဖွဲ့စည်းဖို့ စီစဉ်ဖြစ် ပုံလေးပြောပေး ပါဦး။

ဖြေ - အရင်ရှိထားတဲ့ ယူ-၁၈ အသင်းက အရမ်းငယ်လွန်းတယ်။ ၁၉၉၈၊ ၉၉ ဖွားတဲ့ ကလေးတွေတောင် ပါတယ်။ အသင်း အနေနဲ့ ၉၇ ဖွားတွေကို လိုချင်တာပါ။ ပြေးလွှားခုန်တိုက်ကစားရတဲ့ အခါမျိုးတွေမှာ ငယ်ပြီး လူကောင်သေးတဲ့အခါ အဆင် မပြေဘူး။ အဲ့အတွက်ကြောင့် အသင်းကို ပြန်လည် ဖွဲ့စည်းဖြစ်တာပါ။

မေး - လက်ရှိ လာရောက်ရွေးချယ်တဲ့ ကစားသမားတွေထဲကနေ ဘယ်နှစ်ဦးလောက် ရွေးချယ်ဖို့ ရှိနိုင်မလဲ။

ဖြေ - အရင်ဆုံး လူငယ်လိဂ်မှာ ကစားပြီး အသက်မီတဲ့ကစားသမားတွေကို လူရွေးပွဲတွေ ကျွန်တော်တို့ လုပ်ပါတယ်။ သူတို့ရဲ့ ကစားပုံ ဗီဒီယိုအခွေတွေ ပြန်ကြည့်ပါတယ်။ အဲ့ထဲကနေ ကစားသမား ၃၀၊ ၄၀ လောက်ရွေးမှာပါ။ ဒါကလည်း အပြီးသတ် လူစာရင်းတော့ မဟုတ်သေးပါဘူး။ ပဏာမ အရင်ရွေးထားတာပါ။ ပြိုင်ပွဲမတိုင်ခင်အတွင်း ခြေစမ်းပွဲတွေလုပ်ပြီး လိုအပ်ရင် ထပ်ရွေးသွားမှာပါ။

မေး - ဒီခြေစစ်ပွဲတွေ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွေ မတိုင်ခင်မှာ နိုင်ငံတကာခြေစမ်းပွဲတွေလုပ်ဖို့ စီစဉ်ထားတာ ရှိပါသလား။

ဖြေ - ဒီပြိုင်ပွဲ နှစ်ခုမတိုင်ခင်ကြားမှာတော့ ထိုင်းကို တစ်ပတ်လောက်သွားပြီး လေ့ကျင့်ပြင်ဆင်သွားမှာပါ။ ဒါ့အပြင် ဒီမြန်မာနိုင်ငံ ထဲမှာပဲ ယူ-၁၈ အသက်အပိုင်းအခြားဖြစ်တဲ့ အသင်းတွေနဲ့ ဖိတ်ခေါ်ပြိုင်ပွဲလေး လုပ်ဖို့လည်း စီစဉ်သွားမှာပါ။

မေး - လက်ရှိ ဒီအသင်းမှာ နိုင်ငံခြားသား နည်းပြအင်အား ထပ်ဖြည့်ဖို့ အစီအစဉ် ရှိပါသေးလား။

ဖြေ - အသင်းအတွက် နိုင်ငံခြားသား ကြံ့ခိုင်ရေးမှူး နည်းပြတစ်ဦး ခန့်ဖို့တော့ရှိပါတယ်။ ဒီလာမယ့် အာဆီယံပြိုင်ပွဲနဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲ အနေအထားလေးကို အရင်စောင့်ကြည့်ပါမယ်။ တကယ်လို့ ခြေစစ်ပွဲသာ အောင်ခဲ့လို့ နောက်တဆင့်အနေနဲ့ ကမ္ဘာ့ဖလားဝင်ဖို့ ရည်ရွယ်ချက်ထားမယ် ဆိုရင်တော့ ကြံ့ခိုင်ရေးနည်းပြ တစ်ဦးအပြင် ကြံ့ခိုင်မှုအတွက် ဆရာဝန် အပါအဝင်နှစ် ဦးလောက် ခေါ်ဖို့ စီစဉ်သွားမှာပါ။

မေး - ဒီလာမယ့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် အသင်းကို ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။

ဖြေ - ပုံမှန်အရဆိုရင်တော့ ပြိုင်ပွဲတွေ မတိုင်ခင် တစ်နှစ်လောက် ကြိုပြီးတော့ ဒီအသင်းတွေကို ပြင်ဆင်ရမှာပါ။ အခုလက်ရှိ အရတော့ ကျွန်တော့်မှာ ပြင်ဆင်ချိန် သိပ်မရခဲ့ဘူး။ ဒါ့အပြင် ဒီကလေးတွေက နိုင်ငံတကာ အတွေ့အကြုံ မရှိဘူး။ လာမယ့် သြဂုတ်၊ စက်တင်ဘာ ဆိုတာနဲ့ ပြိုင်ပွဲတွေက စတော့မှာပါ။ ဒီပြိုင်ပွဲကလည်း နောင်တဆင့်ဖြစ်တဲ့ ကမ္ဘာ့ဖလားအတွက် စရတဲ့ အဆင့်ပဲလေ။ လက်ရှိအနေအထားအရတော့ လာမယ့် ခြေစစ်ပွဲအောင်ဖို့ အရင် ပြင်ဆင်သွားမှာပါ။ ကျန်တာကိုတော့ ခြေစစ် ပွဲအောင်ပြီးမှ ပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်သွားမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly