ပါကစ္စတန်တွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်၍ ခြောက်ဦးသေဆုံးကာ တစ်ရာကျော် ဒဏ်ရာရ

ပါကစ္စတန်တွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်၍ ခြောက်ဦးသေဆုံးကာ တစ်ရာကျော် ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ စက်တင်ဘာ ၁၅ ။            ။ ပါကစ္စတန်နိုင်ငံ အလယ်ပိုင်းတွင် ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်၍ အနည်းဆုံး လူခြောက်ဦးသေဆုံးကာ ၁၀၀ကျော် ထက်မနည်း ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။ မူတန်မြို့အနီးတွင် ကရာချိသို့ ဦးတည်သည့် ခရီးသည်တင်ရထားက လူတစ်ဦးကို ဖြတ်ကြိတ်တိုက်မိ၍ ရပ်နားထားသည့် ကုန်စည်တင်ရထားကို ဝင်တိုက်ခြင်းဖြစ်သည်။

ညအမှောင်အတွင်း အပျက်အစီးများနှင့် ရထားတွဲများကြား ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေခြင်းအား ရုပ်မြင်သံကြားတွင် ပြသသည်။ ရထားတွဲများအတွင်း ပိတ်မိနေသူများကို ဆွဲထုတ်ခဲ့ရသည်။

စက်တင်ဘာ ၁၄ ရက်တွင် ပြီးဆုံးသည့် မွတ်စလင်ပွဲတော်အတွက် သုံးရက်တာရုံးပိတ်ရက်အဖြစ် နေရပ်များသို့ မိသားစုဖြင့် ပြန်ခြင်းများ များပြားသဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည် များခဲ့သည်။

ရထားတိုက်မှုအတွင်း ဒဏ်ရာရသူက ၁၀၀ ကျော်ထက်မနည်းရှိနေကြောင်း ဒေသအစိုးရ ကယ်ဆယ်ရေး ဝန်ဆောင်မှု ဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဘတ်ဒူဂျာဘာက ပြောသည်။ ရထားတိုက်မှု   ဖြစ်ရခြင်းကို ခရီးသည်တင် ရထားမောင်းသူ၏ အပြစ်ဖြစ်ကြောင်း၊ ကုန်တင်ရထားရပ်နေ၍ သတိပေး အချက်ပြနေခြင်းကို သတိမမူခြင်းကြောင့်ဖြစ်ကြောင်း ရထားဌာန တာဝန်ရှိသူက ပြောသည်။

ရထားတိုက်မှုများသည် ပါကစ္စတန်နိုင်ငံအတွင်း အဖြစ်များသည်။ ဗြိတိန်ကိုလိုနီဟောင်း၏ အမွေအဖြစ် ရထား ဟောင်းများနှင့် ရထားလမ်းပိုင်းများ ရှိနေပြီး အကျင့်ပျက်ခြစားမှုများကြောင့် ပြင်ဆင်ခြင်းများ နည်းပါးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags