ဟီလာရီကလင်တန် ကျန်းမာရေး ပြန်ကောင်းလာပြီဟု ဆရာဝန်ဖြစ်သူ ကြေညာ

ဟီလာရီကလင်တန် ကျန်းမာရေး ပြန်ကောင်းလာပြီဟု ဆရာဝန်ဖြစ်သူ ကြေညာ

ဝါရှင်တန်၊ စက်တင်ဘာ ၁၅ ။                     ။ ဟီလာရီကလင်တန်၏ ကျန်းမာရေးက ကောင်းမွန်လာပြီဖြစ်ကာ အမေရိကန်သမ္မတတစ်ဦး ကောင်းကောင်း အလုပ်လုပ်နိုင်ပါပြီဟု သူ့၏ ဆရာဝန်က   ပြောသည်။

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီက အဆုတ်ရောင်ရောဂါမှ ပျောက်ကင်းသက်သာကာ ထူထူထောင်ထောင် ပြန်ဖြစ်ပြီဖြစ်ကြောင်း ဆရာဝန်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဟီလာရီ မကျန်းမမာဖြစ်သည့် အချိန်နှင့် အချိန်ကိုက် ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ ဆေးစစ်ချက်မှ အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ပြိုင်ဖက်ပါတီက ဟီလာရီ အနေဖြင့်လည်း ကျန်းမာသူဖြစ်ကြောင်းကို အပြိုင်ကြေညာခြင်းဖြစ်သည်။

ဟီလာရီအနေဖြင့် မဲဆွယ်ပွဲများကို ပြန်လည်ပြုလုပ်မည် ဖြစ်ကြောင်း ၎င်း၏ လက်ထောက်များက ပြောသည်။ ပါတီနှစ်ရပ်မှ သမ္မတလောင်း နှစ်ဦးအနေဖြင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး လူထုပိုမိုသိရှိရန် ထုတ်ပြန်ဖို့ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

စက်တင်ဘာ ၁၁ ရက်က ဟီလာရီကလင်တန်သည် ကျန်းမာရေးချုချာသဖြင့် ၉/၁၁ အထိမ်းအမှတ် ပွဲမတက်နိုင်ဖြစ်ခဲ့ရာမှစကာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မှုတွင် သမ္မတလောင်းတို့၏ ကျန်းမာရေးကလည်း ပြဿနာတစ်ရပ်အဖြစ် ရှိလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly