ထိုင်းနိုင်ငံ၌ အရပ်သား ငါးရာအား စစ်ခုံရုံးတင် ဆက်လက်စစ်ဆေးသွားမည်ဟုဆို

ထိုင်းနိုင်ငံ၌ အရပ်သား ငါးရာအား စစ်ခုံရုံးတင် ဆက်လက်စစ်ဆေးသွားမည်ဟုဆို

ဘန်ကောက်၊ စက်တင်ဘာ ၁၄ ။           ။ ထိုင်းစစ်ခုံရုံးတွင် အမှုတင်စစ်ဆေးခံနေရသည့် အရပ်သား ငါးရာနီးပါး၏ အမှုအား ဆက်လက်စစ်ဆေးသွားမည်သာဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီး ဝီဆာနုကရီယာနမ်းက ပြောသည်။

ထိုင်းစစ်အစိုးရက အငြင်းပွားဖွယ်ဖြစ်နေသည့် အရပ်သားများအား စစ်ခုံရုံးတင် စစ်ဆေးနေခြင်းအား အဆုံးသတ်မည်ဟု ကြေညာထားပြီး တစ်ရက်တွင် ၎င်းက ယခုကဲ့သို့ ပြောကြားလာခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၁၀၀၀ ကျော်ထက်မနည်းကို တရားစွဲဆိုရာ အထူးသဖြင့် စစ်အုပ်ချုပ်ရေး သို့မဟုတ် ဘုရင်မင်းမြတ်အား ဝေဖန်မှုပြုသူများကို အစိုးရက စစ်ခုံရုံးတင် စစ်ဆေးခြင်းများအား ပိုမိုကျင့်သုံးခဲ့ခြင်းဖြစ်သည်။

သို့သော် လာမည့်သီတင်းပတ်၌ နယူးယောက်ရှိ ကုလသမဂ္ဂအစည်းအဝေးသို့ သွားတက်ရောက်ခြင်း မတိုင်မီ ဝန်ကြီးချုပ် ချန်အိုချာက အံ့အားသင့်ဖွယ်လုပ်ဆောင်မှုတစ်ရပ်အဖြစ် စစ်ခုံရုံးများရှိ အရပ်သားအမှုများအား ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုအမိန့်ကြေညာချက်သည် ကြေညာချက် မထွက်မီက စစ်ဆေးဆဲ ပြစ်မှုများအတွက်မှု အကျုံးဝင်ခြင်း မရှိပေ။ လူ့အခွင့်အရေးအုပ်စုများကလည်း ယင်းအမိန့်ကြေညာချက်အပေါ် သတိဖြင့် ကြိုဆိုသည်။

“စစ်ခုံရုံးမှာ ကြားနာစစ်ဆေးနေဆဲ အမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တရားရုံးလုပ်ထုံးလုပ်နည်းနဲ့ အကျုံးဝင်သွားပြီးလို့ ဖြစ်တယ်။”ဟု ဒုတိယဝန်ကြီးချုပ် ဝီဆာနုက သတင်းထောက်များအား ပြောသည်။

“စစ်ခုံရုံးမှာ အရပ်သားအမှုတွဲ ၁၅၀၀ ရှိတယ်။ ၁၀၀၀ က ပြီးစီးသွားပြီဖြစ်တယ်။ ငါးရာတော့ ကျန်ရှိနေသေးတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly