ဂျပန်ရှိ အထင်ကရမီးတောင်ကြီး နှစ် ၃၀ အတွင်း ပေါက်ကွဲမှုကြီးဖြစ်လာနိုင်

ဂျပန်ရှိ အထင်ကရမီးတောင်ကြီး နှစ် ၃၀ အတွင်း ပေါက်ကွဲမှုကြီးဖြစ်လာနိုင်

တိုကျို၊ စက်တင်ဘာ ၁၄ ။            ။ ဂျပန်နိုင်ငံရှိ မီးတောင်ရှင်များမှ တစ်ခုဖြစ်သော ဆာကူရာဂျီမာ မီးတောင်သည် လာမည့်နှစ် ၃၀ အတွင်း ကြီးမားစွာ ထပေါက်ကွဲနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

ကျုရှုးကျွန်းတွင်ရှိသော အဆိုပါ မီးတောင် လှုပ်ရှားမှု များလာကြောင်း ယင်းအရပ်ရှိ မြေအောက်ကျောက်ရည်ပူချောရည်ပူများ ဖွဲ့တည်မှုကို သုတေသနလုပ်ဆောင်နေသည့် ဘရစ္စတိုတက္ကသိုလ်မှ သုတေသီများက ပြောသည်။

အဆိုပါ မီးတောင် တည်နေရာသည် ဆန်ဒိုင်းနျူကလီးယားစက်ရုံနှင့် မိုင် ၃၀ အတွင်းရှိနေရာ လူဦးရေ ခြောက်သိန်းရှိသော ကာဂိုရှီးမားမြို့နှင့်လည်း နီးကပ်စွာ တည်ရှိနေသည်။

၁၉၁၄ ခုနှစ်အတွင်း ဆာကူရာဂျီမာ မီးတောင် ပေါက်ကွဲမှုဖြစ်ဖူး၍ လူပေါင်း ၅၈ ဦးသေဆုံးသည်။

ပစိဖိတ်မီးတောင်ရပ်ဝန်းတွင် တည်ရှိနေသည့် ဂျပန်ကျွန်းစုများသည် မီးတောင်ပေါင်း ၁၀၀ ကျော်ထက်မနည်းရှိသည်။ ဆာကူရာဂျီမာမီးတောင်သည် ပုံမှန်ပြာမှုန့်များ မှုတ်ထုတ်နေသည့် မီးတောင်လည်းဖြစ်ကာ နှစ်စဉ် ပေါက်ကွဲမှုငယ်များ များစွာဖြစ်ပွားနေသည့် မီးတောင်ဖြစ်သည်။ ဖေဖော်ဝါရီလအတွင်း နောက်ဆုံးပေါက်ကွဲထားသည်။

ဂျပန်အာဏာပိုင်များက အနီးကပ်စောင့်ကြည့်နေရသည့် မီးတောင်တစ်လုံးလည်းဖြစ်ကာ ဂျပန်နိုင်ငံ၏ လူများ မီးတောင်နား မသွားရန် သတိပေးစနစ် အဆင့် ငါးဆင့်တွင် သုံးအဆင့် သတ်မှတ်ခံရသည့် မီးတောင်နှစ်လုံးအနက် တစ်လုံးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly