လူကယ်ပြန်ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (အပိုင်း-၁)

လူကယ်ပြန်ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (အပိုင်း-၁)

မဇ္ဈိမရဲ့ Dialouge အစီအစဉ်ကနေ ကြိုဆို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့  လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းအပေါ်မှာ ပြန်လည်သုံးသပ်ခြင်းဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်ခင်ဗျာ။

ပထမဆုံးအနေနဲ့ ဒီဆွေးနွေးပွဲမှာ ပါဝင်ကြမယ့် လူကြီးမင်းများနဲ့ ကျွန်တော်တို့ မိတ်ဆက်ခြင်း အစီအစဉ်လေးနဲ့ စပါမယ်။ ဒီမှာတက်ရောက်လာကြတဲ့ လူကြီးမင်းများအနေနဲ့ ကိုယ့်ရဲ့ နာမည်လေးရယ် ကိုယ့်ရဲ့တာဝန်ရယ် ပြီးတော့ ကိုယ်တာဝန်ယူနေတဲ့ အဖွဲ့အစည်းပေါ့ ဒါလေးတွေကို မိမိကိုယ်၌ပဲ မိတ်ဆက်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

ဦးနေဝင်း (ဒုတိယအမြဲတမ်းအတွင်းဝန်)

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး)

မင်္ဂလာပါ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးက ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးရုံးကတော့ ကျွန်တော်တို့အောက်မှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနနှစ်ခုကို ကျွန်တော်တို့ ပူးပေါင်းပြီးတဲ့အခါကျတော့ ကျွန်တော်တို့ လုပ်ငန်းတွေကို အကောင်အထည်ဖော်နေတဲ့ ဝန်ကြီးရုံးဖြစ်ပါတယ်။

ဒေါ်ဖြူလဲ့လဲ့ထွန်း (ညွှန်ကြားရေးမှူး)

ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန 

မင်္ဂလာပါရှင်။ ကျွန်မကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းဖြစ်ပါတယ်။

ဦးကျော်မျိုးသန့် (ဒုညွှန်ကြားရေးမှူး) စီမံကိန်း ဌာနစု

လူမှုဝန်ထမ်းဦးစီးဌာန

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး စီမံကိန်းဌာနစုမှာ တာဝန်ယူရတဲ့ ဦးကျော်မျိုးသန့် ဖြစ်ပါတယ်ခင်ဗျာ။ ဝန်ကြီးဌာနမှာ ပုံမှန် ရေတို ရေရှည် နှစ်တို နှစ်ရှည် စီမံကိန်းတွေကို ဝန်ကြီးဌာက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အခု အစိုးရလက်ထက်မှာ ရက် ၁၀၀ စီမံကိန်းမှာတော့ စီမံကိန်း Section ကနေပြီးတော့ လူမှုဝန်ထမ်းဌာန ဌာနခွဲတွေကနေပြီးတော့ လုပ်ဆောင်တဲ့ တင်ပြတဲ့ဟာတွေကို ပြုစုပြီးတော့ ဝန်ကြီးရုံးကို ပြန်ပြီးတော့ အစီရင်ခံပေးရပါတယ်ခင်ဗျ။

ဒေါ်ခင်သန္တာမြင့် (စီမံချက် မန်နေဂျာ)

Action Aid Myanmar

မင်္ဂလာပါ။ ကျွန်မနာမည်ကတော့ ခင်သန္တာမြင့်လို့ ခေါ်ပါတယ်။ ကျွန်မက Action Aid Myanmar လို့ခေါ်တဲ့ NGO မှာ စီမံချက် မန်နေဂျာအဖြင့် တာဝန်ထမ်းဆောင်နေပါတယ်။

ဦးနေလင်းစိုး (CEO)

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့

ဟုတ်ကဲ့ပါ။ မင်္ဂလာပါ။ အခုလို ဖိတ်ကြားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က CEO တာဝန် ထမ်းဆောင်နေပါတဲ ဦးနေလင်းစိုးပါ။ အဓိကကတော့ မသန်စွမ်းသူများကိစ္စနှင့် လူ့အသိုင်းအဝိုင်းအတွင်းမှာ ဝင်ဆန့်နိုင်ရေးကိစ္စတွေမှာ တစ်တပ်တအား တက်တက်ကြွကြွ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဆွေးနွေးမယ့်ခေါင်းစဉ်က ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းအပေါ်မှာ ပြန်လည်သုံးသပ်ခြင်းဆိုတဲ့ ခေါင်းစဉ်ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ ဝန်ကြီးဌာနရဲ့ တာဝန်ရှိတဲ့သူကပဲ အရင်စပြီးတော့ ဆွေးနွေးပေးပါ။ အဓိက ဆွေးနွေးပေးစေချင်တာကတော့ ကျွန်ောတာ်တို့ရက် ၁၀၀ စီမံကိန်းကို အချိန်ကာလ သတ်မှတ်ချက် ဘယ်ကနေစပြီးတော့ ဘယ်လောက်ထိ ခန့်မှန်းသင့်သလဲ။ ပြီးတဲ့အခါကျတော့ စီမံကိန်း ဘယ်နှစ်ချက် ချမှတ်ခဲ့တယ်ဆိုတဲ့အပေါ်မှာ  ဘာတွေ ချမှတ်ခဲ့တယ်ဆိုတာ ပထမဆုံး ဆွေးနွေး ရှင်းပြပေးပါ။

ဦးနေဝင်း (ဒုတိယအမြဲတမ်းအတွင်းဝန်)

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး)

ဟုတ်ကဲ့ပါ။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးစီဌာန နှစ်ခုဖြစ်တဲ့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို သူတို့ရဲ့ လုပ်ငန်းအကောင်အထည်ဖော်တာတွေကို ဝန်ကြီးရုံးကနေပြီးတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနေတဲ့ ဝန်ကြီးဌာနဖြစ်ပါတယ်။ ပြီးတော့ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ပဲ သူ့ရဲ့လုပ်ငန်းတာဝန်တွေ သတ်မှတ်ပေးထားတာ ရှိပါတယ်။ လုပ်ငန်းတာဝန်ဆို သူတို့မှာ ၁၀ ရပ် ရှိပါတယ်။ ဒါက ဘာလဲဆိုရင် ရှေ့ဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကလေးနဲ့ လူငယ်စောင့်ရှောက်ရေး လုပ်ငန်း၊ အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေကို ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကရုဏာ စောင့်ရှောက်ရေးလုပ်ငန်းနှင့် လူကုန်ကူးခံရသူများ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း။ နောက်ဆုံးကတော့ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ ဆိုပြီးတော့ လူမှုဝန်ထမ်း ဦးစီးဌာနက လုပ်ငန်းတာဝန် ၁၀ ရပ်ကို ချမှတ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

အလားတူပဲ ကျွန်တော်တို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း လုပ်ငန်းတာဝန် ၆ ရပ်ကို ချမှတ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အဲဒါကတော့ ဘေးသင့်သူများ လတ်တလော စားဝတ်နေရေး ပြေလည်စေရန် ထောက်ပံ့ရေးလုပ်ငန်း၊  ဆိုတာ နံပါတ်တစ်ပေါ့နော်။ အခုလည်း ကျွန်တော်တို့ ဒီ ဇူလိုင်လနှင့် သြဂုတ်လမှာ ဖြစ်ပွားနေတဲ့ တိုင်းနှင့် ဒေသတွေမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျံမှုတွေမှာလည်း ဒါတွေကို ကျွန်တော်တို့ ထောက်ပံ့ပေးလျက် ရှိပါတယ်။ နောက်တစ်ခုက မြစ်နဲ့ ပင်လယ်အတွင်းမှာ သဘာဝဘေးကြုံတွေ့ပြီးတဲ့အခါမှာ ပြည်တွင်းပြည်ပ နယ်မြေရပ်ခြားကို ရောက်သွားတဲ့သူတွေကိုလည်း ထောက်ပံ့ပေးတဲ့လုပ်ငန်းတစ်ခု ဆောက်ရွက်ပေးလျက်ရှိပါတယ်။

နောက်တစ်ခု လူ့ကြောင့်ဖြစ်သော ဘေးအန္တရာယ်ကို ထောက်ပံ့ခြင်းလုပ်ငန်း၊ နောက် ငတ်မွတ်နေသူများကို ထောက်ပံ့ခြင်းလုပ်ငန်း၊ အဲဒါကလည်း အခု လတ်တလောဆိုရင် ကျွန်တော်တို့ နာဂ ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကူးစက်ရောဂါတွေ ဖြစ်ပွားပြီးတဲ့အခါမှာကျတော့ အစာရေစာတွေ လိုအပ်နေတာတွေ ရှိပါတယ်။ အဲဒါကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့တဲ့ ဒီလ ၁၅ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ နှစ်ကြိမ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို တောင်းခံပြီးတော့ တပ်မတော် လေယာဉ် ရဟတ်ယာဉ်တွေနဲ့ ကျွန်တော်တို့ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား ၊ ခြင်ထောင်၊ ငါးသေတ္တာ၊ ဒါတွေကို ကျွန်တော်တို့ တစ်ခေါက်ပို့ပြီးပါပြီ။ ဒါကလည်း ကျွန်တော်တို့ရဲ့ ငတ်မွတ်သူများ ထောက်ပံ့ရေးထဲမှာ တစ်ခုပါတာပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးလုပ်ငန်း၊ နောက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများနဲ့ အသိပညာဆောင်ရွက်ခြင်းလုပ်ငန်းများ ဆိုပြီးတော့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်း  ၆ ရပ်ကို ချမှတ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိပါတယ်။ ဒါက လောလောဆယ် ကျွန်တေ်ာတို့ ဝန်ကြီးဌာနနဲ့ ဦးစီဌာန နှစ်ခုပေါင်းရဲ့ လုပ်ငန်းတာဝန်တွေဖြစ်ပါတယ်။

ဟုတ်ကဲ့ အဲဒါတွေ လုပ်ငန်းတာဝန်တွေပေါင်းရင် စုစုပေါင်း ၁၆ ခု အဲဒါက ရက် ၁၀၀ စီမံကိန်းလား။ ဒါမှမဟုတ်ရင် ပုံမှန်လား။

ဒါကတော့ ကျွန်တောတို့ ပုံမှန်ထုတ်ပြန်ထားတဲ့ လုပ်ငန်းတွေပါ။  အဲဒီလုပ်ငန်း ၁၆ ရပ်မှာမှ ဦးစီးဌာန နှစ်ခုကနေပြီးတော့ ကျွန်တော်တို့ ဒီအစိုးရသစ် တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဟာ ပြည်သူများရဲ့ ဘေးကင်းလုံခြုံမှုကို ပိုမို ဖန်တီးပေးနိုင်ဖို့နဲ့ ပြည်သူ့အကျိုးစီးပွားကို ပိုမိုပြီးတော့ ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ဆိုပြီးတော့ ကျွန်တော်တို့ ဦးစားပေးလုပ်ငန်း ၇ ရပ်ကို ဆွဲထုတ်လိုက်ပါတယ်။ အဲဒါကို ရက် ၁၀၀ စီမံချက်ထဲမှာ ထည့်ထားပါတယ်။ အဲဒါကို ကျွန်တော်တို့ ဧပြီလ ၂၁ ရက်နေ့ကနေစပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။ ကျွန်တော်တို့ အခု သြဂုတ်လ ၈ ရက်နေ့မှာ လုပ်ငန်းစီမံချက် ၇ ရပ်ထဲမှာ ၅ ရပ်ကတော့ လုပ်ငန်းပြီးစီးပြီးတော့ လုပ်ငန်းတစ်ရပ် ကတော့ ၉၁ ရာခိုင်နှုန်း ပြီးစီးပြီးတော့ လုပ်ငန်းတစ်ရပ်ကတော့ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ။ အဲဒီအပေါ်မှာရော ဆရာဆရာမတို့အနေနဲ့ အခြား ဘာတွေများ ဖြည့်စွက်ပြီးတော့ ပြောစရာရှိလဲခင်ဗျ။

ဦးနေလင်းစိုး (CEO)

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့

ဟုတ်ကဲ့ ကျွန်တော်တို့အပိုင်းကနေပြီးတော့ စပြီးတော့ ဆွေးနွေးပါ့မယ်။ ဒီမှာ ဆရာတင်ပြသွားတဲ့အပိုင်းမှာလည်း တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့်လေး ထပ်သိရပါတယ်။ ကျွန်တော်တို့ကတော့ မသန်စွမ်းသူများနဲ့ ပတ်သက်တဲ့ကဏ္ဍကို နဲနဲလေး ဆွေးနွေးပါမယ်။ ကျွန်တော်တို့ လူမှုဝန်ထမ်း ဦးစီးဌာနအနေနဲ့တော့ မသန်စွမ်းသူများနဲ့ပတ်သက်တဲ့ကိစ္စကို ဆောင်ရွက်တဲ့အခါမှာ လက်တလော အခြားကာလမှာ ရက် ၁၀၀ ထင်သာမြင်သာရှိတဲ့ လုပ်ငန်းပိုင်းတွေ ပေါ်လစီအပိုင်းတွေ လုပ်တာ ပိုများတယ်လို့ သုံးသပ်ရတယ်ခင်ဗျာ။

ဘာကြောင့်လဲဆိုတော့ ပထမတစ်ချက်အနေနဲ့ အမျိုးသားကော်မတီဖွင့်နိုင်ဖို့အတွက် အသန်စွမ်းသူတွေက လူစာရင်း စုဆောင်းတင်ဆက်တာတွေ တွေ့ရတယ်။ နောက်ပြီးတော့ ၂၀၁၆ ကနေ ၂၀၂၅ အတွင်းမှာ ဆောင်ရွက်မယ့် အမျိုးသားအဆင့် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာပေါ့။ နောက်တစ်ချက်ကတော့မသန်စွမ်းသူများ ဥပဒေ နောက်ဆက်တွဲ နည်းဥပဒေတွေပေါ့။ ဒီလိုအပိုင်းလေးတွေကို စပြီးလုပ်တာ တွေ့၇တဲ့အခါကျတော့ ပြန်ပြီးတော့ အကြမ်းမျဉ်း သုံးသပ်ရင်တော့ ပေါ်လစီအပိုင်းတွေကို အခြေခံပြီးတော့လုပ်နေတာတွေ တွေ့တယ်ပေါ့နော်။ နောက်တစ်ခုကတော့ လူပိုင်းဆိုင်ရာ ထင်သာမြင်သာရှိတဲ့ ပံ့ပိုးမှုနဲ့ နောက်ဆက်တွဲအခြေအနေကတော့ လောလောဆယ် ကျွန်တော်တို့ ရက် ၁၀၀ နဲ့ ကာလတိုအတွင်းမှာ ကျွန်တော်တို့ သိပ်မတွေ့ရသေးဘူးပေါ့။ ကျွန်တော်တို့ မသန်စွမ်းတွေ မသန်စွမ်းလုပ်ငန်းတွေလည်း ပုံမှန်လုပ်ငန်းစဉ်အနေနဲ့ ပံ့ပိုးနေတာကိုလည်း ကျွန်တော်တို့ တွေ့ပါတယ်။

နောက်ပြီးတော့ ဆရာတင်ပြသွားတဲ့အထဲမှာ ကျွန်တော် ဖြည့်စွက် ဆွေးနွေးချင်တာတွေ မေးမြန်းချင်တာလေးတွေလည်း ပါပါတယ်။ ပထမအချက်ကတော့ သဘာဝဘေးအန္တရာယ် လျော့ချရေးလုပ်ငန်းတွေမှာ ကျွန်တော်တို့ မသန်စွမ်းတဲ့သူ အတော်များများကို ခေတ်အဆက်ဆက် ကျွန်တော်တို့သိတဲ့အတိုင်း အခွင့်အရေးက နောက်မှာပဲ ကျန်ခဲ့ပါတယ်။ အခွင့်အရေး တော်တော်များများမှာလည်း ဦးစားပေးအပိုင်းမှာ မရှိတဲ့အတွက်ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပြီဆို၇င် လူအတော်များများကတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလို အဆင်ပြေသလို ပံ့ပိုးရေးတွေ လုပ်ကြတာပေါ့။ ဒီအခြေအနေမှာ ကျွန်တော်တို့ သဘာဝဘေးအန္တရာယ်မှာ သားကောင်းအဖြစ်နဲ့ ခံစားကြရတယ်။ အရင် ဒီအခြေအနေကို ပြန်ပြီးတော့ ကြည့်တဲ့အခါမှာ တစ်ခါတစ်လေမှာ ပြန်ပြီးတော့ ရပ်ရွာတွေမှာ အဆင်ပြေသလို ပြန်ပြီးတော့ လက်လှမ်းမှီသလောက် ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်တဲ့အခါမှာ မသန်စွမ်းတဲ့သူတွေက တစ်ခါတစ်လေမှာ ကျွန်တော်တို့ ဒီ ကျန်ခဲ့တာတွေရှိတယ်။ ဒီအပိုင်းတွေမှာ ကျွန်တော်တို့ အန္တရာယ်ဖြစ်တဲ့အခါအမှာ ဝေခွဲရေးတွေလုပ်တဲ့အခါမှာ သွားပြီးတော့ တန်းမစီနိုင်ဘူး။ သွားရေးလာရေး ခက်ခဲတဲ့အချိန်မှာ ရေကြီးတာတို့ သဘာဝဘေးအန္တရာယ်ဖြစ်ရင် ကွန်မြူနတီထဲမှာ သွားလာရေးခက်ခဲပြီးတော့ အဲဒီနေရာတွေကို မရောက်ဖြစ်ကြဘူး။ ထိုနည်းတူ မသန်စွမ်းရှိတဲ့ မိသားစုတွေမှာလည်းပဲ အခက်အခဲတွေ ရှိကြပါတယ်။ ဒီဘက်က ပရဟိတအဖွဲ့တွေကလည်း အရမ်းကူညီချင်တဲ့စိတ်နဲ့ ငွေတွေကောက်ကြတယ်။ ပစ္စည်းပစ္စယတွေကို သွားပြီးတော့လှူဒါန်းကြတယ်။ ဟိုရောက်တဲ့အခါမှာလည်း ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ ကူညီကြိုးစား ဖြေ၇ှင်းခဲ့ကြတာပဲ။ ဒီရပ်ရွာထဲမှာ တိမ်မြုပ်နေတဲ့ အပြင်ထွက်မလာနိုင်တဲ့ မသန်စွမ်းတဲ့သူတွေ ကျန်ခဲ့တာ နောက်ဆက်တွဲ ပြဿနာတွေတော့ ရှိကြပါတယ်။ ဒီလိုအပိုင်းတွေမှာ ကျွန်တော်တို့ မျှော်လင့်တဲ့အပိုင်းလေးတွေ မသန်စွမ်းတဲ့သူတွေလည်း အခုလိုမျိုး မကျန်ခဲ့အောင် ဝန်ကြီးဌာနအနေနဲ့ ဂိုက်လေးတွေ ဒီလိုကိစ္စတွေကို ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာ မသန်စွမ်းတဲ့သူတွေလည်း မကျန်ခဲ့အောင် ဆောင်ရွက်ထားတာ ရှိသလားလို့ အဲဒါလေးလည်း သိချင်လို့ မေးမြန်း ဆွေးနွေးတာပါ။

နောက်တစ်ချက်ကတော့ မိုဘိုင်းအပလီကေးရှင်းနဲ့ သတင်းအချက်အလက်တွေ ပြည်သူလူထုဆီ ရောက်အောင် ဖြန့်ဖြူးတဲ့အခါမှာ ကျွန်တော်တို့ မသန်စွမ်းတဲ့သူတွေမှာလည်း အမျိုးအစားလေးတွေ ရှိပါတယ်။ အမြင်အာရုံပိုင်းမှာ ခက်ခဲမှုရှိတယ်၊ အကြားအာရုံပိုင်းမှာ ခက်ခဲမှုရှိတယ်။ ကိုယ်အင်္ဂါ မသန်စွမ်းတဲ့သူရှိတယ်။ ဉာဏ်ရည်မသန်စွမ်းတဲ့သူရှိတယ်။ အဲတော့ သတင်းအချက်အလက်တွေကို လွယ်လင့်တကူ ရရှိနိုင်အောင် အဟန့်အတား အခက်အခဲတစ်ခုရှိပါတယ်။ ဥပမာ Mobile Application မှာလိုမျိုးဆိုရင် Screen တွေမှာ နည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ အသံထက်ပြီးဆက်သွယ်နိုင်တဲ့ စနစ်လေးပေါ့ Information ကို Screen မှာ ကြည့်မှုမဟုတ်ပဲနဲ့ ကျွန်တော်တို့ အသံလေးတွေဖမ်းပြီး လုပ်လာကြတဲ့အပိုင်းကို ဒီဘက်ခေတ်မှာ လုပ်လာကြတာ တွေ့ရပါတယ်။ မသန်စွမ်းတွေအနေနဲ့လည်း ပြည်သူတွေဆီကို ဖြန့်တဲ့ သတင်းအချက်အလက်တွေကို တပြေးညီ ဆောက်ရွက်ထားတဲ့ အစီအစဉ်လေးတွေရော ပါနေသေးလားပေါ့။ မပါသေးဘူးဆိုရင်လည်း ကျွန်တော်တို့ ထပ်ပြီးတော့ ဘယ်လို ပူးပေါင်း ဆောင်ရွက်သွားနိုင်မလဲပေါ့ ဒါလေးတွေကိုလည်း သုံးသပ်ရင်းနဲ့ ဆွေးနွေးချင်ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ Use ပေါ်လစီနဲ့ ပတ်သက်တဲ့အပိုင်းမှာ ကျွန်ောတ်တို့အဖွဲ့အစည်းတွေလည်း ဖိတ်ခေါ်ခံရပါတယ်။ လူငယ်ပေါ်လစီချတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ကိုယ်တိုင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှာပါ။ ဒါကတော့ ယခင်ကထက် ပါဝင်ခွင့် ၇လာတဲ့အခြေအနေတွေကို မြင်ရတယ်။ ဒါကတော့ ဝမ်းသာစရာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ အလုပ်အကိုင်အခွင့်အလမ်းမှာဆိုရင် ကျွန်တော်တို့ လောလောဆယ် မသန်စွမ်းတဲ့သူတွေအတွက်က အခက်အခဲ ကြုံရစမြဲပါပဲ။ ဒါကြောင့်မို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း အလုပ်အကိုင်အခွင့်လမ်းတွေ ပိုမိုဖန်တီးပေးတဲ့အခါ မသန်စွမ်းတဲ့သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွက်လည်း အခုလတ်တလော ဆောင်ရွက်တဲ့အစီအစဉ်မှာ မပါသေးဘူးဆိုရင်လည်း နောက်ပိုင်း ဘယ်လိုအစီမံမျိုးတွေများ ထပ်မံ ပါရှိ ဖော်ဆောင်သွားဖို့ ရှိနေလဲပေါ့။ ဒါလေးတွေလည်း ဒီဘက်က လက်တလော တွေ့ရတဲ့ အခြေအနေလေးတွေလည်း သုံးသပ်ရင်းနဲ့ မေးမြန်းချင်တာလေးပါပဲ။ ဒါလေးကတော့ ကျွန်တော်တို့ ပထမတစ်ဖြတ်အနေနဲ့ ဆွေးနွေးတာပါ။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags