မြန်မာနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ရန် အမေရိကန် ကြိုးပမ်းမည်ဖြစ်ပြီး ဆန်ရှင်နှင့်ပတ်သက်၍ စဉ်းစားနေ

မြန်မာနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ရန် အမေရိကန် ကြိုးပမ်းမည်ဖြစ်ပြီး ဆန်ရှင်နှင့်ပတ်သက်၍ စဉ်းစားနေ
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေရိကန်ပြည်ထောင်စုတရားဝင်ခရီးစဉ် စတင်ခြင်း (၁၃-၉-၂၀၁၆ ရက်နေ့၊ ဝါရှင်တန်မြို့)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့သို့ တရားဝင်ခရီးစဉ် အတွက် လန်ဒန်မြို့မှ တစ်ဆင့် Dulles လေဆိပ်သို့ ဒေသစံတော်ချိန် ၂၀း၃၂ နာရီတွင်ရောက်ရှိခဲ့သည်

အမေရိကန် အစိုးရအနေဖြင့် အလုံးစုံ ပြီးမြောက်အောင်မြင်မှုမရသေးသော မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုဖြစ်စဉ်များနှင့် ပတ်သက်၍ မည်ကဲ့သို့ ညွန်းဆိုဖော်ပြရမည်ကို စဉ်းစားနေလျက်ရှိနေသည်။ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်မှ အမေရိကန်သို့ ထွက်ခွာလာခဲ့ပြီဖြစ်ရာ အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ CSIS က နှစ်နိုင်ငံ ဆက်ဆံရေးပိုင်းတွင် ရှေ့ဆက်လျှောက်လှမ်းမည့် အနာဂတ်ခြေလှမ်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲအစီအစဉ်တစ်ခုကို ကျင်းပခဲ့သည်။

 " အမေရိကန်နှင့်မြန်မာ၊ နောက်တဆင့် ခြေလှမ်းများဆိုင်ရာ ဆွေးနွေးပွဲ" အမည်ရသော ယင်းအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်က ဝါရှင်တန်ဒီစီ ရှိ CSIS ဌာနချုပ်တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် မဟာဗျူဟာဆက်ဆံရေးဆိုင်ရာ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး ဘန်ရိုဒီစ်က အဓိကပါဝင် ဆွေးနွေးသွားခဲ့သည်။

 ပြီးခဲ့တဲ့နှစ်များအတွင်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ထားခဲ့သည့် မြောက်မြားစွာသော အသွင်ကူးပြောင်းမှုများနှင့် ပတ်သက်၍ ဆွေးနွေးပွဲဟု မစ္စတာ ဘန်ရိုဒီစ်က ညွှန်းဆိုသည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ ဘရက်ခ် အိုဘားမား၊ ဒုသမ္မတ ဂျိုးဘိုင်ဒင်၊ ကွန်ကရက် လွှတ်တော်အမတ်များ၊ စီးပွားရေးအသိုက်အဝန်းမှ ပညာရှင်များနှင့်   တွေ့ဆုံမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြုှပ်နှံမှု ပိုမိုလုပ်ဆောင်နိုင်ရန် မျှော်လင့်နိုင်မည်ဟု ဘန်ရိုဒီစ်က ပြောသည်။

 ၂၀၀၉ ခုနှစ် သမ္မတအိုဘားမား စတင်တာဝန်ယူပြီးချိန်မှစလို့ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်၏ မူဝါဒပိုင်းကို ပြန်လည်သုံးသပ်ခဲ့ပုံကစ၍ မစ္စတာ ဘန်ရိုဒီစ်က ဆွေးနွေးပွဲတွင်   ပြောသွားခဲ့သည်။ "ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ကျွန်တော်တို့ အရင်ချမှတ်ထားတဲ့ ဆန်ရှင်တွေကို စတင်ပြီး ဖြေလျော့ပေးထားခဲ့တယ်၊ မြန်မာ အစိုးရနှင့် စတင်ချိတ်ဆက်ဆက်ဆံခဲ့တယ်၊ အဲဒီမှာ နိုင်ငံရေးလမ်းဖွင့်မှုဖြစ်စဉ်တွေ ရှိခဲ့တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာခဲ့တာမျိုးလိုပေါ့၊ နောက်ပြီး ရင်းနှီးမြုှပ်နှံမှုတွေ ကြီးကြီးမားမား ရှိလာခဲ့တယ်၊ ကမ္ဘာ့စီးပွားရေးနဲ့ပါ ပိုမိုအပြန်အလှန် ချိတ်ဆက်နိုင်မှုတွေပါ မြင်တွေ့ထားခဲ့ရတယ်၊ ဒါတွေဟာ NLD အစိုးရနဲ့အတူ မြန်မာပြည်သူလူထု တစ်ရပ်လုံး မြင်ချင်ခဲ့တဲ့ အရာတွေဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့်သော်ငြားလည်း တစ်ချို့ စစ်ဘက်ခေါင်းဆောင်တွေကတော့ ဒီအချိန်မှာ အရင်နဲ့မတူတဲ့ လမ်းကြောင်းနဲ့ သွားချင်နေတာတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ခဲ့တာလည်း ရှိနေခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

" ကျွန်တော် မှတ်မိပါသေးတယ်၊ သမ္မတ အိုဘားမားနဲ့အတူ မြန်မာနိုင်ငံကို ရောက်ခဲ့ပါတယ်၊ အဲဒီမှာ အမေရိကန်အစိုးရနဲ့ ချိတ်ဆက်ဆက်ဆံလိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို အားရစရာ မြင်တွေ့ခဲ့ရတယ်၊ ကျွန်တော်တို့ ယာဉ်တန်းဘေးမှာ အဲဒီလို တစ်ခဲနက်သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တာမျိုး အရင်က တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး၊ သမ္မတဆိုရင် ကမ္ဘာပတ်နေပေမယ့် ဒီလိုကြိုဆိုခံရတာက ခပ်ရှားရှားဖြစ်ခဲ့တာပါ" ဟု ၎င်းက ပြောသည်။

 နှစ်ဘက် အဆင်ပြေပြေ ချိတ်ဆက်ဆက်ဆံမှု ရှိလိုသည့် ဆန္ဒသဘောထားများရှိခဲ့ကြောင်းနှင့် အမေရိကန်ဘက်ကလည်း မြန်မာနိုင်ငံတွင် စွမ်းရည်တည်ဆောက်မှုပိုင်း လိုအပ်နေပုံနှင့် ရင်းနှီးမြုှပ်နှံမှုများ မည်ကဲ့သို့ ဆွဲဆောင်ရမည်ဆိုသည့် အပိုင်းကို အသိအမှတ်ပြုကြောင်း ၎င်းက ပြောသည်။

 ခုချိန်မှာက ကျွန်တော်တို့ဟာ တကယ့်ကို အရေးကြီးတဲ့ နေရာတစ်ခုကို ရောက်နေတာပါ၊ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအပြီး အစိုးရဟောင်းနှင့် စစ်တပ်ဘက်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမှု ဖြစ်စဉ်အပေါ် အမေရိကန်တို့ဘက်က အသိအမှတ်ပြုကြောင်း ၎င်းက ပြောဆိုသော်လည်း ယခု အသွင်ကူးပြောင်းမှုမှာ အလုံးစုံ ပြီးပြည့်စုံနေခြင်းမရှိသေးဟုလည်း ဆိုသည်။

 လက်ရှိ မြန်မာအစိုးရသစ်အနေဖြင့် မြောက်မြားစွာသော စိန်ခေါ်မှု ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ယင်းတို့ထဲတွင် စီးပွားရေးပြဿနာများ၊ လက်နက်ကိုင်တိုင်းရင်းသားအရေး ကိစ္စရပ်များ၊ ရခိုင်ဒေသရှိ အငြင်းပွား ကိစ္စရပ်များလည်း ပါဝင်နေသည်ဟု ဆိုသည်။

 " ဒီနေရာမှာဆိုရင် တရုတ်အပါအဝင် မတူညီတဲ့ နိုင်ငံတွေနဲ့ အထိအခိုက်မခံတဲ့ ကိစ္စရပ်တွေ ရှိနေခဲ့ပါတယ်၊ NLD အစိုးရနဲ့ တရုတ်တို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းတွေ ထိန်းသိမ်းထားနိုင်တဲ့အပေါ် ကျွန်တော်တို့ဘက်က အားပေးထားခဲ့ပါတယ်၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမွန်တဲ့ ခြေလှမ်းကောင်းတစ်ခုလို့လဲ ကျွန်တော်တို့ဘက်က ရှုမြင်ထားပါတယ်၊ ဒါပေမယ့်လည်း လုံ့၀ ပြည့်စုံတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး၊ တကယ်တမ်းဆိုရင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ အခြားဥရောပနိုင်ငံတွေဟာဆိုရင် ဒီမိုကရက်တစ်မြန်မာနိုင်ငံဆီမှာ စိတ်ဝင်စားမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

 " ကျွန်တော်တို့ အလေးထားတဲ့ အခြားကိစ္စရပ်တစ်ခုလည်း ရှိပါတယ်၊ အဲဒါကတော့ မြန်မာအစိုးရသစ်ဟာ အလုပ်သမားအခွင့်အရေးပိုင်းကို ဦးစားပေးလုပ်ဆောင်နေခဲ့တာပါပဲ၊ သိကြတဲ့အတိုင်း အလုပ်သမားအခွင့်အရေး မှန်ကန်စွာ ရရှိရေးက နိုင်ငံတစ်နိုင်ငံမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်ရရှိနိုင်ဖို့ တွန်းအားပေးနိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ အစိုးရက လွတ်လပ်တဲ့ အလုပ်သမားအသင်းအဖွဲ့တွေ ထူထောင်နိုင်အောင် အားပေးတာ၊ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်မှုပိုင်း၊ အချိန်ပိုဆင်းတဲ့အပိုင်းနဲ့ လစာပေးချေမှု စံနှုန်းတွေ သတ်မှတ်မှုပိုင်းတွေမှာ အားပေးလုပ်ဆောင်ထားခဲ့ပါတယ်၊ ခုချိန်မှာ အဲဒါတွေကို အကောင်အထည်ဖော်ဖို့ ခက်ခဲမှုတွေ ရှိနေမှာဖြစ်ပါတယ်၊ အစိုးရအနေနဲ့ကတော့ ရှင်းလင်းတဲ့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်နေခဲ့သလို ပါလီမန်ထဲမှာလည်း ဥပဒေပြဌာန်းလုပ်ဆောင်မှုတွေ ရှိခဲ့ပါတယ်၊ တစ်ချိန်တုန်းက အလုပ်သမားအရေးလှုပ်ရှားလို့ ထောင်ကျခံခဲ့ရဖူးတဲ့ အကျဉ်းသားဟောင်းတွေ လွှတ်တော်ထဲမှာ ပြန်ရောက်လာတာကလည်း ဒီအချက်ကို ကောင်းကောင်းထောက်ကူနိုင်ခဲ့ပါတယ်၊  တစ်ချိန်တုန်းက နိုင်ငံမှာ အကျင့်ပျက်ခြစားမှုတွေကြောင့် လက်တစ်ဆုပ်စာ လူနည်းစုကောင်းစားရေးကိုသာ ဦးတည်နိုင်ခဲ့တဲ့ မြန်မာစီးပွားရေးလုပ်ငန်းကဏ္ဍထဲမှာက အလုပ်သမားတွေကသာ အဓိကတည်ဆောက်မှု အစိတ်အပိုင်းတွေဖြစ်နေတာကြောင့် အစိုးရကလည်း အားပေးဆောင်ရွက်နေတဲ့အပေါ် ကျွန်တော်တို့ကလည်း ထောက်ခံပေးနေပါတယ်" ဟု ၎င်းက ပြောသည်။

 " မြန်မာအစိုးရသစ်ဟာ စီးပွားရေးမူဝါဒသစ်တွေ ချမှတ်လုပ်ဆောင်နေခဲ့ပြီး ရင်းနှီးမြုှပ်နှံမှုတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်းကျင်တစ်ခု တည်ဆောက်နိုင်ဖို့၊ အလုပ်အကိုင်ဖန်တီးမှုပိုင်း အဆင်ချောစေနိုင်ဖို့ နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ကြိုးစားလုပ်ဆောင်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်၊ ဥပမာအနေနဲ့ အစိုးရဟာ အဓိက ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာမျိုးတွေရှိပါတယ်၊ သြဂုတ်လ ၃၀ ရက်ကဆိုရင် အစိုးရက အသေးစားငွေချေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အတည်ပြုပေးခဲ့တာကိုလည်း တွေ့နိုင်ပါတယ်၊ ဒါကြောင့်မို့လို့ အထက်ပါလုပ်ဆောင်မှုတွေ အားလုံးဟာ ဒီမိုကရေစီစနစ်က မြန်မာပြည်သူတွေအတွက် နိုင်ငံရေးအသံတစ်ခု ပိုမိုကျယ်ကျယ်လောင်လောင် ဖွင့်ဟနိုင်ခွင့်ရရုံသာမကဘဲ အသက်မွေးမှုပိုင်းကိုပါ တိုးတက်စေနိုင်တယ်ဆိုတာကို ပြသပေးနေလျက်ရှိပါတယ်၊ ဒါကြောင့်မို့ အစိုးရအချင်းချင်း ရှေ့ဆက်ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အလေးထားလုပ်ဆောင်သွားရပါတော့မယ်" ဟု ၎င်းက ပြောသည်။

အလားတူ နိုင်ငံအပေါ်ချမှတ်ထားသည့် အမေရိကန်တို့၏ ဆန်ရှင်များကြောင့် ဖြစ်ပေါ်လာသော မကောင်းသည့် အကျိုးဆက်များ ရှိကြောင်းလည်း ၎င်းက ဝန်ခံသွားသည်။

 " ကျွန်တော်တို့ အရင်က မကြာမကြာ ကြားခဲ့ရတာရှိပါတယ်၊ ဆန်ရှင်တွေ ဆက်ထားတာက အမေရိကန်ဆီက ရင်းနှီးမြုှပ်နှံမှုတွေအပေါ် အဟန့်အတားတစ်ခုလို ဖြစ်စေနေတယ်ဆိုတာမျိုးပါ၊ ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သူတွေရဲ့လူမှုဘဝတွေ တိုးတက်စေနိုင်မယ့် စီးပွားရေးနဲ့ ရင်းနှီးမြုှပ်နှံမှုပိုင်း ဖွံ့ဖြိူးတိုးတက်နိုင်မှုအပေါ်မှာ ကျွန်တော်တို့ရဲ့ ဆန်ရှင်တွေက အဟန့်အတားတွေလို ဖြစ်နေတာမျိုး မရှိရလေအောင် လုပ်ပေးစေချင်တဲ့ သဘောဆန္ဒရှိပါတယ်လို့ ပြောချင်ပါတယ်၊ ဒါကြောင့်မို့လို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီအစိုးရတု့ိနဲ့အကြား ဆွေးနွေးတိုင်ပင်မှုတွေကနေတဆင့် နောက်တစ်ကြိမ်ကောင်းမွန်ထိရောက်တဲ့ အကြံဉာဏ်ကောင်းတွေ ရရှိနိုင်ဖို့ ကျွန်တေ်ာတို့ဘက်က ဆန္ဒရှိပါတယ်" ဟု ၎င်းက ဆွေးနွေးသည်။

 " ကျွန်တော်တို့အနေနဲ့ စီးပွားရေးအသိုက်အဝန်းကြီးတစ်ခု ဖြစ်ပေါ်လာအောင် ထပ်ဖန်တလဲလဲ အားပေးအားမြှောက်ပြုနေလျက်ရှိပြီးတော့ ကျွန်တော်တို့ချင်း ဝေမျှတဲ့နေရာမှာလည်း ဆန်ရှင်တွေအပေါ် စိုးရိမ်ပူပန်နေတာမျိုး  ဖြစ်မနေဘဲ အစိုးရပိုင်းအနေနဲ့ ရင်းနှီးမြုှပ်နှံမှုတွေ အဆင်ပြေချောမွေ့စေဖို့၊ အလုပ်သမားစံနှုန်းတွေ တိုးတက်စေဖို့၊ ခြစားမှုကင်းတဲ့ လုပ်ဆောင်ပုံတွေ ဖြစ်လာစေဖို့  နည်းလမ်းတွေအပေါ် စဉ်းစားရမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့ လက်ရှိ ဆန်ရှင်တွေအပေါ် ပြန်လည်သုံးသပ်ဖို့ လိုရုံသာမကဘဲ မြန်မာနိုင်ငံတွင်း ပိုမိုပွင့်လင်းမြင်သာမှုရှိရှိနဲ့ အောင်မြင်တဲ့ ဖွံ့ဖြိုးမှုတွေ ဘယ်လိုနည်းလမ်းနဲ့ လုပ်ဆောင်နိုင်မလဲဆိုတာကိုပါ သုံးသပ်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

 " မြန်မာနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံမှုပိုင်းမှာ ဘယ်လိုကန့်သတ်ချက်တွေ၊ ပိတ်ဆို့မှုတွေ ရှိမနေသင့်တော့ဘူးဆိုတဲ့ စဉ်းစားပုံမျိုးတော့ စဉ်းစားလို့မရသေးပါဘူး၊ ဘာလို့လဲဆိုတော့ သိတဲ့အတိုင်းပါပဲ၊ စစ်တပ်အပေါ် ကန့်သတ်ချက်တွေ လုပ်ထားတာရှိပါတယ်၊ နိုင်ငံရေးပိုင်းမှာ စစ်တပ်က အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တာကြောင့်ပါ" ဟု ၎င်းက ပြောသည်။

 " ဒီနေရာမှာ ရင်းနှီးမြုှပ်နှံမှုတွေ ပိုမိုပွင့်လန်းလာနိုင်ဖို့ ဆန်ရှင်ဘယ်လောက်များများ ဖြေလျော့ပေးရမယ့်ဆိုတဲ့အပိုင်းမှာ ကန့်သတ်မှုတွေရှိရဦးမယ်လို့ နားလည်ဖို့လိုပါတယ်" ဟု ၎င်းက ဆိုသည်။

 မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအောင်ပွဲ ရခဲ့ခြင်းက ပြည်သူပြည်သားများအတွက် ကောင်းမွန်သကဲ့သို့ ဒေသတွင်းနှင့် ကမ္ဘာအတွက်ပါ အထူးကောင်းမွန်ကြောင်း ၎င်းက ပြောသည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာသူတစ်ဦးကလည်း မြန်မာနိုင်ငံအပေါ်ထားရှိသည့် ဆန်ရှင်နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းသွားခဲ့သည်။ လက်ရှိအမေရိကန်၏ ဆန်ရှင်များအောက်တွင် လက်တွေ့ကြုံတွေ့နေရသည့် ပြဿနာများနှင့် ပတ်သက်၍ Yoma Strategic Holdings Limited မှ စီးအီးအိုနှင့် အမှုဆောင်ဒါရိုက်တာ Mr Melvin Pun က မေးမြန်းသွားခဲ့သည်။

 " ဆန်ရှင်တွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်မှုပိုင်းမှာ  လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်၊ ကျွန်တော်ပေးချင်တဲ့ ဥပမာတစ်ခုအနေနဲ့ ကျွန်တော်က မြန်မာနိုင်ငံက ဗြိတိန်ကောင်စီကို ငွေပေးချေမှုတစ်ခု လုပ်ဖို့ ကြိုးစားခဲ့ပါတယ်၊ အဲဒါကို နိုင်ငံတကာဘဏ်တစ်ခုက ပိတ်ပင်တားဆီးခဲ့ပါတယ်၊ ဒီငွေပေးချေမှုကို ဘယ်သူကလုပ်တာလဲ ဒါမှမဟုတ် ဘယ်သူ့အတွက်လုပ်တာလဲဆိုတာကိုတောင် သူတို့ အဖြေထုတ်လိုခဲ့ခြင်းမရှိခဲ့ပါဘူး၊ ဒါကြောင့်မို့လို့ ဒီဆန်ရှင်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့နေရာမှာ ဒီနိုင်ငံတကာဘဏ်နဲ့ ချိတ်ဆက်လုပ်ဆောင်မှု ဘယ်လိုမျိုး အောင်အောင်မြင်မြင်နဲ့ လမ်းဖွင့်လုပ်ဆောင်နိုင်မလဲဆိုတဲ့ အကြောင်းသိချင်ပါတယ်" ဟု ၎င်းက မေးမြန်းသွားသည်။

ယင်းမေးခွန်းနှင့် စပ်လျင်း၍ ချဉ်းကပ်နည်းနှစ်ခုရှိကြောင်း မစ္စတာ ရိုဒီစ်က ပြောသည်။ " ပထမတစ်ခုက ရှိရင်းစွဲ ဆန်ရှင်တွေကို ခင်ဗျားဘယ်လိုမျိုး ချိန်ညှိမှုတွေ လုပ်ဆောင်နိုင်မလဲ? နောက်တစ်ခုက ဒီရှိရင်းစွဲ ဆန်ရှင်တွေကို အခြေခံကျကျ ပြောင်းလဲနိုင်မလား? ဆိုတာဖြစ်ပါတယ်၊ ဒီလိုဖြစ်တာမျိုးတွေ အများကြီး ကျွန်တော်ကြုံခဲ့ရပါတယ်၊ အမေရိကန် လုပ်ငန်းကြီးတွေဆီကနေလည်း ကြားခဲ့ရတယ်၊  သာမန်မြန်မာပြည်သူအသိုင်းအဝိုင်းကနေလည်း ကြားခဲ့ရတယ်၊ ကျွန်တော်မှတ်မိပါသေးတယ်၊ အရင်အမေရိကန်သံအမတ်ဟောင်း ဒဲရစ်မစ်ချယ်နဲ့ ကျွန်တော် ရန်ကုန်မှာ အစည်းအဝေးတစ်ခု လုပ်ခဲ့ပါတယ်၊ အဲဒီမှာ စင်ကာပူ စီးပွားရေးလုပ်ငန်းတွေဆီက ရင်းနှီးမြုှပ်နှံမှုတွေ ဖိတ်ခေါ်လုနေတဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ခဲ့တာဖြစ်ပါတယ်၊ အဲဒီမှာ နိုင်ငံတကာ ငွေကြေးစီးဆင်းမှုတွေလုပ်ဖို့ အခက်အခဲတွေ အများကြီးရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်၊ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ဆန်ရှင်တွေကို ချိန်ညှိဖို့ လုပ်ဆောင်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့မေလက နောက်ဆုံးဖြေလျော့ပေးခဲ့တာလည်း အားလုံးအသိပါဟု ဆိုသည်။

 " ကျွန်တော်တို့ စဉ်းစားနေတဲ့ မေးခွန်းတွေတော့ ရှိနေပါတယ်၊ ချမှတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် လိုင်စင်ချပေးတာနဲ့ ရုတ်သိမ်းမှုတွေ လုပ်ဆောင်ပေးတာမျိုးကနေ တဆင့်သူတို့ဘယ်လောက်များများ ပြန်ပြီးအကျိုးပြုစွမ်းဆောင်နိုင်မလဲ? နောက်ပြီး ဘယ်လိုနေရာမှာ အစိုးရနဲ့ တိုင်ပင်ညှိနှိုင်းပြီး တော့ သူတို့အနေနဲ့ ကန့်သတ်မှုတွေ ဖြေလျော့ခံရဖို့ လိုချင်သလား၊ အဲဒီလိုဖြေလျော့ခံရလို့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြုှပ်နံှမှုတွေ ဖြစ်စေနိုင်မလား? ယင်းတို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အစိုးရအကြား အဓိက ဆွေးနွေးသွားရတော့မည် အကြောင်းအရာဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly