လူတွေရဲ့ဘဝတွေကို ပေါ်အောင်ရိုက်နိုင်မှသာ အောင်မြင်တဲ့ ဓါတ်ပုံဆရာတစ်ယောက် ဖြစ်လာမယ်လို့ ဆိုတဲ့ အမျိုးသမီးဓါတ်ပုံဆရာမ စိုးမြန်မာ

14 September 2016
လူတွေရဲ့ဘဝတွေကို ပေါ်အောင်ရိုက်နိုင်မှသာ အောင်မြင်တဲ့ ဓါတ်ပုံဆရာတစ်ယောက် ဖြစ်လာမယ်လို့ ဆိုတဲ့ အမျိုးသမီးဓါတ်ပုံဆရာမ စိုးမြန်မာ

တချိန်တုန်းကဆိုရင် မြန်မာ့လူ့အသိုင်းအဝိုင်းမှာ အမျိုးသမီး ဓါတ်ပုံဆရာမရယ်လို့ များများစားစား ရှိခဲ့တာ မဟုတ်ပါဘူး။ ရှိခဲ့ပြန်ရင်လည်း အမျိုးသား ဓါတ်ပုံဆရာတွေလောက် မအောင်မြင်ခဲ့ကြပါဘူး။

အခုတော့ ပြည်တွင်းပြည်ပ ဓါတ်ပုံပြိုင်ပွဲတွေမှာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး ဆိုတွေလည်းရ အောင်မြင်မှုတွေရနေတဲ့ မြန်မာအမျိုးသမီး ဓါတ်ပုံဆရာမတစ်ဦး ရှိလာခဲ့ပါပြီ။ သူကတော့ စိုးမြန်မာ ပါပဲ။

ဓါတ်ပုံဆရာမ စိုးမြန်မာ အနေနဲ့ ဘယ်လိုနည်းနဲ့ ဓါတ်ပုံရိုက်ခြင်းအလုပ် စတင်လာနိုင်ခဲ့သလဲဆိုတာ လေ့လာကြည့်တဲ့အခါ သူက အခုလို စပြီး ရှင်းပြပါတယ်။

“အမက မောင်နှစ်မငါးယောက်ရှိတယ်။ အမမှာ အဖေမရှိတော့ဘူး။ အကိုကြီး အကြီးဆုံးပြီးလို့ရှိရင် အမရဲ့ အကိုအကြီးဆုံးက သင်္ဘောသား၊ သူက သူ့ဘာသာသူ အေးအေးဆေးဆေးနေသူ။ ဒုတိယအကိုက ပန်ချီဆရာပါ။ နောက် တတိယအမရှိတယ်။ နောက်ပြီး အကိုတစ်ယောက်က အင်ဂျင်နီယာရှိတယ်။ တူလေးတွေ၊ တူမလေးတွေရှိတယ်။ အမက လက်ရှိနေတာက အမေနဲ့ နှစ်ယောက်တည်းနေတာ။ အမေနဲ့ နှစ်ယောက်တည်းနေတယ်ဆိုတဲ့အခါကျတော့ အခက်အခဲရှိတာပေါ့။ အမေက အသက်ကြီးပြီဆိုတဲ့အခါကျတော့ ကျန်းမာရေးမကောင်းဘူး။ အဓိက ကိုယ်နဲ့နေတာဖြစ်တဲ့အတွက် ကိုယ်က အဓိက ပြုစုပေးရမယ်။ စောင့်ရှောက်ပေးရမယ်။ အနီးကပ် ရှိနေရမယ်ပေါ့။

အမက ၂၀၀၀ ခုနှစ်လောက်ကတည်းက NGO တစ်ခုနဲ့ အလုပ်လုပ်ရင်း ခရီးသွားရတယ်။ ခရီးသွားရင်းနဲ့ လေးငါးဆယ်နှစ်လောက် ကြာတဲ့အခါမှာတော့ ကင်မရာကိုင်ပြီးတော့ ဓာတ်ပုံရိုက်ရတဲ့အခါကျတော့ ဓာတ်ပုံရိုက်ပြီးတော့ ပြိုင်ပွဲလေးတွေ ဝင်ချင်လာတယ်။ မွေးရာပါ ဟုတ်လားမဟုတ်လားတော့ မသိဘူးပေါ့နော်။ အဲဒီအချိန်မှာတော့ ဓာတ်ပုံပြိုင်ပွဲ ဝင်ချင်တာပေါ့နော်။ ပြိုင်ပွဲဝင်ချင်တဲ့အခါကျတော့ သတင်းစာတွေမှာ ဓာတ်ပုံပြိုင်ပွဲခေါ်တာ တွေ့တဲ့အခါကျတော့ Digital Camera သေးသေးလေးတွေ ပေါ်ခါစဆိုတော့ ရိုက်ကြည့်တာပေါ့။ ဘုရားပေါ်မှာ သွားရိုက်ပြီးတော့ ပုံထုတ်ကြည့်တယ်။ ပုံထုတ်ကြည့်ပြီးတော့ ပြိုင်ပွဲဝင်ဖို့ ကြိုးစားကြည့်တယ်ပေါ့နော်။ ပုံတွေက မကောင်းဘူး။ အဲဒီအချိန်လောက်ကတည်းက စပြီးတော့ ပြိုင်ပွဲကို ဝင်ချင်လာတာ။ အဓိကကတော့ ပြိုင်ချင်လာတာပေါ့။ နောက်ပိုင်းကျတော့ ၂၀၀၉ ခုနှစ်လောက်မှာ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှာက သူက ဓာတ်ပုံသင်တန်းသားခေါ်တယ်။ ခေါ်တဲ့အခါကျတော့ အမက သတင်းစာထဲမှာတွေ့တော့ သွားပြီးတော့ မေးရင်းနဲ့မှ သင်တန်းတက်ဖြစ်သွားတာပေါ့။”

အဲဒီနောက်မှာတော့ စိုးမြန်မာ ဟာ ဓါတ်ပုံလောကထဲ ဝင်ရောက်လာခဲ့ပါတော့တယ်။ သူဘယ်လို စတင်ကြိုးစားရုန်းကန်ခဲ့ရသလဲ။

“၂၀၀၉ ခုနှစ်မှာ အမမှာ ဓာတ်ပုံစရိုက်တော့ Fuji S 5700 ကင်မရာအသေးလေးတစ်လုံးပဲရှိတယ်။ သင်တန်းစတက်တော့ အဲဒါလေးပဲရှိတယ်။ နောက်ကျတော့ အမတို့က သင်တန်းမှာက ဇူလိုင်ဆိုလို့ရှိရင် ပဲခူး အောက်ဒိုးခရီးစဉ်ရှိတယ်။ သင်တန်းကသွားတဲ့ ခရီးစဉ်ပေါ့။ အဲဒီကင်မရာ သေးသေးလေးနဲ့ အမ ပဲခူးခရီးစဉ်ကို လိုက်ရတာပေါ့နော်။ အခုဆိုရင်တော့ ရယ်စရာလေးပေါ့နော်။ အဲဒီကင်မရာလေးနဲ့ အမ ရိုက်တဲ့အခါကျတော့ အဖြူအမဲမှာ အမ ပထမဆုရတယ်။ ပထမဆုရတော့ သင်တန်းတက်ရင် သူက ပထမရရင် ရွှေဆောင်းရမယ်။ အဲလိုမျိုးတွေရှိတယ်။ ရှိပေမယ့် သိပ်ပြီးတော့ စိတ်မဝင်စားဘူး။ အမက ရွှေဆောင်းလည်းစိတ်မဝင်စားဘူး။ ဘာမှ စိတ်မဝင်စားဘူး။ ဓာတ်ပုံရိုက်ချင်တယ်။ ပြိုင်ချင်တယ်။ အဲဒါပဲ သိတာပေါ့။ ဆုရတယ်ဆိုရင် ပျော်နေတာပဲ။ ပိုက်ဆံရတယ် မရဘူး မသိဘူးပေါ့။ ရချင်ရ မရချင်နေ ဆုရရင် ပျော်နေတယ်။ ”

နောက်ပိုင်းမှာတော့ နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲတွေအထိ စိုးမြန်မာ တက်လှမ်းဝင်ရောက် ယှဉ်ပြိုင်လာနိုင်ခဲ့ပါတယ်။

“၂၀၁၀ လောက်ကနေ စပြိးတော့ အမ International  ပြိုင်ပွဲကြီး စဝင်ပြိုင်တယ်။ ပထမဦးဆုံး အွန်လိုင်းပြိုင်ပွဲ သူကကျတော့ တစ်နှစ်ကို ဒေါ်လာ ၄၉ ကျပ် ပေးရတယ်။ သူက အကောင့်လုပ်ရတယ်။ တစ်နေ့ကို ပုံတစ်ပုံ တင်ရတယ်။ တစ်နေ့ကို ပုံတစ်ပုံတစ်ပုံ တင်ပြီးတော့မှ တစ်လကုန်လို့ရှိရင် ပုံပေါင်း ဘယ်နှစ်သောင်း ဘယ်နှစ်ထောင် အဲဒီအထဲကမှ Second Place , First Place , Grand Pride ဆိုပြီးတော့ ပေးတာပေါ့နော်။ အမက အဲဒီမှာ Second Place ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စရခဲ့တယ်။ အဲဒီနောက်ပိုင်း နိုင်ငံခြားပြိုင်ပွဲတွေ အကုန်ဝင်ပြိုင်ဖြစ်တယ်။

နိုင်ငံခြားမှာ သွားယူတာကျတော့ အမ ၂၀၁၂ မှာ ကိုရီးယားမှာ Gold Pride ရတယ်။ သွားယူတယ်။ ၂၀၁၃ မှာကျတော့ ထိုင်းမှာ နာဟေ့မင်းသားကြီးလုပ်တဲ့ သူ့နာမည်နဲ့ လုပ်တဲ့ပွဲပေါ့။ အဲဒီဆုအတွက် ထိုင်းမှာ သွားယူတယ်။ ၂၀၁၅ မှာကျတော့ တရုတ်ပြည်မှာ Photo Essay ပေါ့ အမက Photo Essay လည်း ကြိုက်တယ်။ အဲဒီအတွက်ဆုကို တရုတ်ပြည်မှာ သွားယူတယ်။ ၂၀၁၆ မှာကျတော့ ဗီယက်နာမှာကကျတော့ People ဆိုတဲ့ခေါင်းစဉ်နဲ့ အဲတုန်းက Final list Story သွားလိုက်တယ်။ ဟိုရောက်တော့ ဆုရတဲ့အချိန်မှာ final list ပဲ ပါတယ်။ ဆုကြီးထဲတော့ မဝင်ခဲ့ဘူူးရှင့်။ နောက်ပြီးတော့ အွန်လိုင်းကနေပြီးတော့ ပြိုင်တဲ့ပွဲတွေမှာဆိုရင် ဆုအသေးလေးတွေလည်း ရခဲ့ပါတယ်။ နောက်ပြီးတော့ ခုနှစ်ကြိမ်မြောက် တူရကီ FIAP ခေါ်တာပေါ့နော်။  FIAP ဆိုတဲ့ အဖွဲ့ဝင်နိုင်ငံတွေ ရှိတဲ့ ဓာတ်ပုံအသင်းတွေဝင်ထားတဲ့ နိုင်ငံတွေက FIAP ဝင်ထားတာပေါ့နော်။ အဲဒီကနေ FIAP ဆုရရင် သူက FIAP ဆုပါ ပေးတယ်။ အဲဒီမှာကျတော့ FIAP မန်းရှင်းအဝက်ဆိုပြီးတော့ ရတယ်။ ဒါက ၂၀၁၆ ထဲမှာ ရတာ လေးခုပေါ့။ နောက်တစ်ခုကကျတော့ အမ နီပေါလ်က ပြိုင်ပွဲတစ်ခု Water in Life ဆိုတဲ့ ပြိုင်ပွဲမှာ ဆုရတယ်။ အဲဒီတုန်းကဆိုရင် ပိုက်ဆံ သူတို့က ပေးချင်တယ်။ ပေးချင်တယ်။ အမကို ပေးလို့မရဘူးပေါ့နော်။ တစ်နှစ်လောက်နေမှ အမကို သူတို့ လူကြုံနဲ့ ပိုက်ဆံပေးလိုက်မှ အမရတယ်။ အဲလိုမျိုး ပွဲလေးတွေလည်း ရှိတယ်။ ”

စိုးမြန်မာအနေနဲ့ ဓါတ်ပုံဆရာတစ်ယောက်အနေနဲ့ ပိုက်ဆံက အဓိကမကျပဲ ဝါသနာကသာ အဓိကဖြစ်ခဲ့ပါတယ်လို့လည်း သူက အခုလိုရှင်းပြပါတယ်။

“တကယ်တမ်းကျတော့ ဓာတ်ပုံပြိုင်ပွဲဝါသနာပါတယ်။ ဓာတ်ပုံဝါသနာပါတဲ့ Photo Grapher တစ်ယောက်အနေနဲ့ မြန်မာပြည်မှာ ပိုက်ဆံရဖို့ မလွယ်ဘူးပေါ့နော်။ ဆိုတဲ့အခါကျတော့ အရမ်းကို နာမည်ကြီးသွားတယ်။ အရမ်းကို အောင်မြင်သွားတယ်ဆိုရင် ၁၀ ယောက်မှာ တစ်ယောက်နှစ်ယောက်လောက်ကတော့ ရနိုင်တယ်။ သူက ဘာရနိုင်လဲဆိုလို့ရှိရင် Calender တွေ ဘာတွေရောင်းရမယ်။ အခြား အသေးစားလေးတွေလည်း ရိုက်ရတာမျိုးတွေရှိတယ်။ အဲလိုမျိုးလေးတွေကတော့ ပိုက်ဆံရနိုင်တယ်။ စားသောက်ဆိုင်တွေက ရိုက်မယ်ဆိုရင်လည်း အဲဒါတွေကျတော့ ပိုက်ဆံတွေရကြပါတယ်။ ပြိုင်ပွဲတစ်ခုကို အဓိကထားပြီးရိုက်တဲ့သူတွေကြတော့ ဝင်ငွေမရှိဘူး။ အမဆိုရင် အမှန်တိုင်းပြောရရင် ပိုက်ဆံအများကြီးရတဲ့ပွဲမျိုး မရဖူးဘူး။ ”

နောက်ပိုင်းမှာတော့ ဓါတ်ပုံပညာနဲ့ပဲ ဝင်ငွေရအောင် လုပ်တတ် လုပ်နိုင်စွမ်းလာတာကိုလည်း သူက ရှင်းပြပါတယ်။

“ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အမတို့က Calender ရောင်းရတဲ့အခါကျရင် ကိုယ့်ဆီမှာလာဝယ်ရင် ကိုယ်ရောင်းရတယ်ပေါ့။ နောက်တစ်ခုက အမက အခုနေက်ပိုင်း Photo Guide လုပ်တယ်။ Photo Guide လုပ်တဲ့အခါကျတော့ Photo Grapher တစ်ယောက်အနေနဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ ပြိုင်ပွဲကို ဝါသနာပါလို့သာ ဝင်ပြိုင်ရတာ Photo Guide အနေနဲ့တော့ အခု ပိုက်ဆံရလာတယ်ပေါ့။ လောလောဆယ် Photo Guide တစ်ယောက်လုပ်တဲ့သူရဲ့ဝင်ငွေက Photo Grapher တစ်ယောက်ရဲ့ ဝင်ငွေပေါ့။”

ဓါတ်ပုံဆရာတစ်ယောက် ထားရှိသင့်တဲ့ ခံယူချက်သဘောထားအမြင်ကိုလည်း စိုးမြန်မာက အခုလို ပြောပြသွားခဲ့ပါသေးတယ်။

“အဓိကကတော့ အမက ပြိုင်ပွဲကို ဝါသနာပါတာဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်ရဲ့ ယဉ်ကျေးမှုတွေ သူတို့ရဲ့ဘဝတွေ သူတို့တွေ ဘယ်လိုနေလဲ မြန်မာလူမျိုးတွေ ဘယ်လိုနေလဲ ဘယ်လိုထိုင်လဲ ဆင်းရဲနွမ်းပါးတဲ့အခါမှာလည်း ဆင်းရဲနွမ်းပါးတဲ့သူက ဘယ်လိုမျိုး ဒါမျိုးတွေကို အမက ပြချင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဓာတ်ပုံသမားတွေ ဓာတ်ပုံလောကမှာ အောင်မြင်တယ်ဆိုတာက မြန်မာ့ယဉ်ကျေးမှုကို ပြနိုင်လို့ပါ။ ရှုခင်းကတော့ ဘယ်မှာမဆို ရှုခင်းပါပဲ လှကြတယ်လေ။ ချင်းတောင်မှာသွားရိုက်လည်း လှတာပဲလေ။ ချင်းတောင်ပြောလို့သာ ချင်းတောင်လို့သိတာလေ ဒါက နိုင်ငံခြားမှာလည်း ရှိနိုင်တာပဲလေ။ သူများထက်တော်ဖို့ဆိုရင်တော့ ခြေတစ်လှမ်းသာမှရတာ။ ဓာတ်ပုံရိုက်တာက ရိုက်လိုက်တာပဲလေ အကုန်လုံးက ကင်မရာရှိရင် ရိုက်လို့ရတယ်လေ။ သူများက ဒီလိုရိုက်ရင် ကိုယ်ဘယ်လို ပြောင်းရိုက်လိုက်မလဲ မြင်နိုင်အောင် ကြိုးစားပါ။ အဓိကကတော့လေ လူကလေ အောက်ကျခံရတယ်။ အောက်ကျခံပါလို့ ဘာဖြစ်လို့လဲဆိုတော့ တစ်ပါးသူ ကိုယ့်ထက် နဲနဲလေးပဲတက်တက် ကိုယ်အောက်ကျခံပြီးတော့ ပညာသင်တာက အကောင်းဆုံးပါပဲလို့။ ”

Mizzima Weekly