လစ်ဗျားအရေး ကြားဝင်စွက်ဖက်ခဲ့မှုနှင့်စပ်လျင်း၍ ဗြိတိန်အမတ်များက ၀န်ကြီးချုပ်ဟောင်း ကင်မရွန်းကို ပြစ်တင်တိုက်ခိုက်

လစ်ဗျားအရေး ကြားဝင်စွက်ဖက်ခဲ့မှုနှင့်စပ်လျင်း၍ ဗြိတိန်အမတ်များက ၀န်ကြီးချုပ်ဟောင်း ကင်မရွန်းကို ပြစ်တင်တိုက်ခိုက်

စက်တင်ဘာ ၁၄ ။                    ။ ၂၀၁၁ ခုနှစ်က လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြုတ်ကျစေခဲ့သည့် ဗြိတိန်နှင့် ပြင်သစ်တို့၏ စစ်ရေးပိုင်းကြားဝင် ဖြေရှင်းခဲ့မှုအပေါ် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း   ဒေးဗစ်ကင်မရွန်းအား ပါလီမန်အမတ်များက ပြစ်တင်ဝေဖန်စာတစ်စောင် ထုတ်ပြန်သွားခဲ့သည်။

လစ်ဗျားနိုင်ငံတွင် လုပ်ဆောင်ခဲ့သော လေကြောင်းစစ်ပွဲဆင်နွှဲရာတွင် ထိုစဉ်က ဝန်ကြီးချုပ် ကင်မရွန်းထံ၌ သင့်လျော်သည့် မဟာဗျူဟာတစ်ရပ် ရှိမနေခဲ့ကြောင်း ဗြိတိန်လွှတ်တော်   ပြည်ပရေးရာ   ကော်မတီက စွပ်စွဲခဲ့သည်။

တိကျသေချာသည့် သတင်းအချက်အလက်မရှိဘဲ ကြားဝင်စွက်ဖက်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းစွက်ဖက်မှုကြောင့် ယခုအခါ မြောက်အာဖရိကတွင် အစ္စလမ္မစ် စစ်သွေးကြွ အိုင်အက်စ်အုပ်စု   ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်ကြောင်း ယင်း အစီရင်ခံစာတွင် ရေးသားထားသည်။

သို့သော် လစ်ဗျားအရေးတွင် ဗြိတိန်တို့ ကြားဝင်ခဲ့ခြင်းမှာ နိုင်ငံတကာ ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း အစိုးရက ခုခံပြောကြားသွားသည်။ ယင်းသို့ ကြားဝင်ခဲ့ရန်အတွက် အာရတ်နိုင်ငံများ အသင်းက   တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့် ကုလ လုံခြုံရေးကောင်စီ၏ ထောက်ခံအတည်ပြုချက် ရရှိခဲ့ကြောင်း ဖြေရှင်းချက်ပေးသည်။

၂၀၁၁ ခုနှစ်မတ်လက ဗြိတိန်နှင့် ပြင်သစ်တို့ဦးဆောင်သော နိုင်ငံတကာပူးပေါင်းအဖွဲ့သည် လစ်ဗျားအာဏာရှင် ကဒါဖီ၏ တပ်ဖွဲ့များကို လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း   ဖြစ်သည်။  ယင်းနောက် အာဏာရှင် ကဒါဖီ ပြုတ်ကျသွားခဲ့သော်လည်း လစ်ဗျားနိုင်ငံသည် တည်ငြိမ်မသွားခဲ့ဘဲ အကြမ်းဖက်မှုချောက်အတွင်းသို့သာ ထိုးကျသွားခဲ့ရာ စင်ပြိုင်အစိုးရများပေါ်ထွက်လာခြင်း၊ ရာပေါင်းများစွာသော ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းလာခြင်းနှင့် အိုင်အက်စ် အုပ်စုကဲ့သို့ အကြမ်းဖက်အဖွဲ့များ ပေါ်ထွက်လာခြင်းတို့ကို သာ ဦးတည်စေခဲ့သည်ဟု ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags