ဇီကာပိုး နောက်ထပ် ကူးစက်ခံရသူမရှိဖို့ ထိုင်းအာဏာပိုင်များ ခြင်ပေါက်ဖွားရာနေရာများအား နှိမ်နှင်း

ဇီကာပိုး နောက်ထပ် ကူးစက်ခံရသူမရှိဖို့ ထိုင်းအာဏာပိုင်များ ခြင်ပေါက်ဖွားရာနေရာများအား နှိမ်နှင်း
(ဓာတ်ပုံ - အီးပီအေ)

ဘန်ကောက်ရှိ ဆာသွန်ဗဟိုစီးပွားရေးခရိုင်မှာ ယခုအပတ်အတွင်း ဇီကာပိုးကူးစက်ခံရသူ (၂၂) ဦး တွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက အဆိုပါ ဒေသအတွင်း ခြင်ပေါက်ဖွားရာနေရာများအား ဓာတုခြင်ဆေး ဖြန်း နှိမ်နှင်းခဲ့ကြောင်း သိရပါတယ်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က ဇီကာပိုး ကူးစက်မှု လျော့ချရန် ဆာသွန်ရဲ့ လမ်းများပေါ် အလုပ်သမားများကို စက်တင်ဘာ ၁၃ ရက်နေ့က ဓာတုခြင်ဆေးဖြန်းဖို့ စေလွှတ်လိုက်ပါတယ်။

ဆာသွန်မှာ ဇီကာဖြစ်ပွားသူများတွင် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အားလုံး ပြန်လည် ကောင်းမွန်လာပေမယ့် အဆိုပါ ကိုယ်ဝန်သည် အမျိုးသမီးကို သားဖွားမယ့် အချိန်ထိ ဂရုစိုက် စောင့်ရှောက်ရန် ရှိနေသေးကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားပါတယ်။

ဘန်ကောက်မှာ ယခုနှစ်အတွင်း ဇီကားပိုး ကူးစက်ခံရသူ (၂၉) ဦးအထိရှိပြီး (၂၂) ဦး ဖြစ်ပွားမှုရှိကြောင်း အတည်ပြုခဲ့သလို တစ်နိုင်ငံလုံးမှာ ယခုအချိန်ထိ ကူးစက်ခံရသူ (၉၇) ဦး ရှိကြောင်း သိရပါတယ်။

ဇီကားရောဂါ လက္ခဏာများမှာ ကိုယ်ပူခြင်း၊ အဖုအပိမ့်များထွက်ခြင်း၊ အရိုးအဆစ်ကိုက်ခြင်းနှင့် မျက်လုံးများ နီခြင်းတို့ ဖြစ်ပါတယ်။

အာဏာပိုင်များက ဘန်ကောက်မြို့ရှိ အခြားခရိုင် (၄၉) ခုမှာ စုံစမ်းစစ်ဆေးရန်နှင့် ဖျားနားနေသူများ အခြားဒေသများသို့ ခရီးသွားလာခြင်း မပြုရန် ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးဌာန လက်ထောက်အမြဲတမ်း အတွင်းဝန်ဖြစ်သူ ဒေါက်တာ ဝန်တန်နီးဝတ်တာနာက တိုက်တွန်း ပြောဆိုထားပါတယ်။

လာမယ့် ရက်ပေါင်း (၃၀) အတွင်း ဘန်ကောက်မှာ ဇီကာပိုးကူးစက်ခံရမှု နောက်တကြိမ်  ဖြစ်ပွားမှု မရှိခဲ့ပါက အဆိုပါရောဂါကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ဆိုလိုကြောင်း ဒေါက်တာ ဝန်တန်နီးဝတ်တာနာက ဆိုပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags