ကယားပြည်နယ် ဝန်ကြီးချုပ် နှင့် ဝန်ကြီးလေးဦး ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်

ကယားပြည်နယ် ဝန်ကြီးချုပ် နှင့် ဝန်ကြီးလေးဦး ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်

ရန်ကုန် (မဇ္ဈိမ) ။ ။ ကယားပြည်နယ်တွင် ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခေါ်) ဦးဘူးရယ် အပါအဝင် ကယားပြည်နယ်မှ ဝန်ကြီးငါးဦး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်လိုက်ပြီဟု ပါတီမှ နုတ်ထွက်ခဲ့သည့် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက မဇ္ဈိမကိုပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နုတ်ထွက်သွားသော ဝန်ကြီးများသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခေါ်) ဦးဘူးရယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောဟူးဟူး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦး၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့ဖြစ်သည်။

ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက “နောက်လူငယ်တွေကို နေရာပေးချင်တယ်။ တစ်ချို့ လွှတ်တော်နေရာဆိုရင် နှစ်ယောက်သုံးယောက် စာရင်းပေးတာရှိတယ်။ သူလည်း အမတ်ဖြစ်ချင်တယ်။ ကိုယ်လည်းအမတ်ဖြစ်ချင်တယ်။ လူတိုင်းလည်း ဖြစ်ခွင့်ရှိတယ်လေ။ ပါတီက ဘယ်လိုလုပ်ချင်တယ်ဆိုရင် နောက်လူငယ်တွေက လုပ်ပေါ့။ ဦးတို့က နုတ်ထွက်ပေးလိုက်တယ်ပေါ့။ ဝန်ကြီးချုပ်က ရှေ့လ ၂၇ ၊၂၈ က နုတ်ထွက်လိုက်တယ်။ ”ဟုပြောသည်။

လက်ရှိတွင် အခြားပါတီသို့ ကူးပြောင်းရန် အစီအစဉ်မရှိသေးသော်လည်း ပြည်သူလူထုက တောင်းဆိုလာပါက တစ်သီးပုဂ္ဂလ အဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ကယားပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်မှာ ဝန်ကြီး အဖွဲ့မှ အနားယူမည်ဖြစ်ပြီး ပါတီမှ နုတ်ထွက်မည် မဟုတ်သော်လည်း ကိုယ်စာလှယ်လောင်းအဖြစ်မူ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက “ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ။ ဘာပြဿနာမှ မရှိပါဘူး။ ဝန်ကြီးချုပ်ကတော့ မဲဆန္ဒနယ် ရွေးပြောင်းပြီး ပြိုင်မယ်လို့ကြားတယ်။ ကျွန်တော်ကတော့ ဒီပြင့် ပါတီလည်းမဝင်သေးဘူး။ စီစဉ်ထားတာလည်းမရှိဘူး။”ဟုပြောသည်။

ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှနှင့် ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးတို့သည် ဇူလိုင်လ ၃ ရက်က ပါတီက နုတ်ထွက်ခဲခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags