ကျည်ဆံများတွင်မဟုတ်ဘဲ စာအုပ်များတွင်သာ ရင်းနှီးမြှုပ်နှံကြရန် ကမ္ဘာ့ခေါင်းဆောင်များအား မာလာလာတိုက်တွန်း

ကျည်ဆံများတွင်မဟုတ်ဘဲ စာအုပ်များတွင်သာ ရင်းနှီးမြှုပ်နှံကြရန် ကမ္ဘာ့ခေါင်းဆောင်များအား မာလာလာတိုက်တွန်း

ကမ္ဘာ့အသက်အငယ်ဆုံး နိုဘဲငြိမ်းချမ်းရေးဆုရှင်ဖြစ်သည့် မာလာလာ ယူဆက်ဇိုင်က သူမ၏ ၁၈နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် လက်ဘနွန်နိုင်ငံတွင် ဇူလိုင်လ ၁၂ရက်နေ့က ဆီးရီးယားဒုက္ခသည် မိန်းခလေးငယ်များအတွက် ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး၊ ကမ္ဘာ့ခေါင်းဆောင်များကိုလည်း ကျည်ဆံများတွင်မဟုတ်ဘဲ၊ စာအုပ်များတွင်သာ ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်း ခဲ့သည်။

မိန်းခလေးများ ပညာသင်ကြားခွင့်ကို ရပ်ခံအရေးဆိုခဲ့သည့်အတွက် ၂၀၁၂ခုနှစ်တွင် ပါကစ္စတန်၌ တာလီဘန်တို့က ဦးခေါင်း ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက်တွင် မာလာလာမှာ အာခံမှု၏ သတ္တိပြောင်သော ပြယဂ်တစ်ခုဖြစ်လာခဲ့သည်။ သူမက အမျိုးသမီးများ ပညာသင်ကြားခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ပြီး ၂၀၁၄ခုနှစ်တွင် နိုဘဲဆု ဆွတ်ခူးနိုင်ခဲ့သည်။

‘ဆီးရီးယားဒုက္ခသည်တွေဟာ အချိန်အကြာကြီး လျစ်လျူရှုခံထားရတယ်။ ကမ္ဘာကြီးဟာ သူတို့ရဲ့အသံတွေကိုလည်း ကြားဖို့ လိုအပ်တယ်လို့ ကျွန်မယုံကြည်လို့ လက်ဘနွန်မှာ ရှိနေဖို့ ဆုံးဖြတ်လိုက်တယ်’’ဟု လိပ်ပြာပုံများဖြင့် တန်ဆာဆင်ထား သည့်ကျောင်းခန်းထဲတွင် မာလာလာက ရိုက်တာသို့ ပြောကြားခဲ့သည်။

ဒေသတွင်း ပညာရေးစီမံကိန်းများကို ထောက်ပံ့နေသည့် အကျိုးအမြတ်မယူ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Malala Fund က ဆီးရီးယားနယ်စပ်နှင့် ကပ်နေသည့် ဘီကာ တောင်ကြားမှ ကျောင်းတစ်ကျောင်းအတွက် ထောက်ပံ့ပေးခဲ့ပြီး၊ ထိုကျောင်းမှာ ၁၄နှစ်မှ ၁၈နှစ်အရွယ် မိန်းခလေး ၂၀၀နှင့်အထက်အထိ လက်ခံထားနိုင်မည်ဖြစ်သည်။

‘ကျွန်မ လူကြီးဖြစ်လာတဲ့ ဒီနေ့မှာ ကမ္ဘာ့ကလေးငယ်တွေရဲ့ကိုယ်စား ခေါင်းဆောင်တွေကို ကျည်ဆံတွေအစား စာအုပ်တွေမှာ သာ ရင်းနှီးမြှုပ်နှံကြဖို့ ကျွန်မတောင်းဆိုပါတယ်’’ဟု မာလာလာက မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူ ၄သန်းခန့်မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံနေကြရရာ လက်ဘနွန် တစ်နိုင်ငံတည်းတွင်ပင် ဒုက္ခသည် ၁.၂သန်းရှိပြီး၊ ယင်းတို့အနက် ကျောင်းနေအရွယ်ကလေးငယ် ၅၀၀၀၀၀လည်း ပါဝင်နေရာ ၅ပုံ၁ပုံခန့်သာလျှင် ပုံမှန်ပညာရေး သင်ကြားခွင့်ရသည်ဟုဆိုသည်။

‘လက်ဘနွန်မှာရော၊ ဂျော်ဒန်မှာပါ နယ်စပ်ဘက်ကို ပြန်နှင်ထုတ်ခံနေရတဲ့ ဒုက္ခသည်အရေအတွက် များသည်ထက်များ လာနေတာဟာ လူမဆန်သလို ရှက်လည်းရှက်စရာပါ’’ဟု မာလာလာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly