ဆွမ်ပရာဘွမ် တွင်ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်နေ

ဆွမ်ပရာဘွမ် တွင်ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်နေ

ချင်းမိုင်၊ ဇူလိုင် ၁၃ ။    ။ ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နှင့် အစိုးရ တပ်တို့အကြား ဇူလိုင် ၁၃ရက်အထိ တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်။

ဆွမ်ပရာဘွမ်၏ အရှေ့ဘက် ၁၀ မိုင်ကျော်ကွာဝေးပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မလိယန်ကျေးရွာအနီး KIA တပ်ရင်း ၇ တပ်ဖွဲ့ရှိရာသို့ အစိုးရ စစ်တပ်၏ တပ်ရင်း ၄ ရင်းခန့်က ဇူလိုင်လ ၁၁ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည် ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က မဇ္ဈိမကို ပြောသည်။

“တိုက်ပွဲက ဖြစ်နေတာကြာပြီ။ ၃ ၊ ၄ ရက်ရှိလာပြီ။ ဒီနေ့လည်း တိုက်ပွဲဖြစ်သေးတယ်" ဟု ၎င်းက ပြောသည်။

ယင်းသို့ တိုက်ပွဲများကြောင့် နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ တွေ့ဆုံရန် စီစဉ်နေသော်လည်း အစိုးရဘက်မှ လူမစုံသေး သဖြင့် တွေ့ဆုံနိုင်ခြင်း မရှိသေးကြောင်း ဦးဆန်အောင်က ပြောသည်။  

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာသဖြင့် KIA ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဘက်မှ ဇူလိုင်လ ၁၃ ရက်မှ ၁၅ ရက်အတွင်းပြန် လည်တွေ့ဆုံကြရန် အကြောင်းကြားခဲ့သော်လည်း အစိုးရဘက်မှ လူမစုံသေးကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု သူကပြော သည်။

ထို့ပြင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ကျေးရွာနှစ်ရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရခြင်းနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ချိန်တွင် ထိုးစစ်ဆင်မှု ရပ်တန့်ရန် PCG မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းထံသို့ ဖုန်းဖြင့် ဇူလိုင်လ ၁၁ ရက်က အကြောင်းကြားထားပြီး ဖြစ်သော်လည်း ယနေ့ထိ တိုက်ပွဲများ မရပ်တန့်သေးဟု ဆိုသည်။

“ကျွန်နော်တို့လည်း ဦးအောင်မင်းရဲ့ ရုံးကိုတော့ တင်ပြတယ်။ ၁၁ ရက်က ဖုန်းနဲ့အကြောင်းကြားလိုက်တယ်။ ကျွန်တော်တို့က တိုက်ပွဲပြန်ဖြစ်လာလို့ ရွာနှစ်ရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီ။ ကျောင်းတွေလည်း ပိတ်ထားရတယ်။ ဒုက္ခရောက်နေတယ်”ဟု သူက ပြောသည်။

ဇူလိုင် ၁၁ရက်ကမူ နံနက် ၉နာရီမှ ညပိုင်းထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရဘက်မှ ဂျက်လေယာဉ် နှစ်စီးဖြင့် တိုက်ခိုက်မှုများ ရှိခဲ့ပြီး ဇူလိုင် ၁၂ရက်တွင်လည်း နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO ၏ ဗဟိုကော်မတီဝင် အရပ်ဘက် အရာရှိ ဦးဒွဲပီဆာက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၁၁ ရက် နံနက် ၅ နာရီချိန်တွင် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရန် ထွက်ခွာလာစဉ် ခန့်မှန်းမြေပုံအညွန်း (အမ်ဂျီ ၂၆၉၅၆၅)သို့အရောက် KIA (ကချင်)အဖွဲ့မှ အင်အား ၂၅ ဦးခန့်က လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် တပ်မတော်စစ်ကြောင်းမှ ပြန်လည် ပစ်ခတ် တိုက်ခဲ့သည်ဟု အစိုးရ ၏မြဝတီသတင်းစာ တွင်ဖော်ပြထားသည်။

ဖြစ်စဉ် တွင် ရန်သူဘက်မှ အလောင်း ၂ လောင်း တွေ့ရှိသည်ဟု ဖော်ပြထားသည်။

သို့သော် KIA ဘက်ကမူ ထိခိုက်ကျဆုံးသူမရှိကြောင်း ဦးဒွဲပီဆာက ပြောသည်။

ဇွန်လ ၂၄ ရက်နေ့ကလည်း ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာအနီး ပူတာအိုအခြေစိုက် တပ်ရင်းနှင့် KIA တပ်တို့ အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၁၉၉၄ ခုနှစ်က အစိုးရနှင့် KIO တို့ အပစ်အခတ် ရပ်စဲထားချိန်တွင် အဆိုပါ မလိယန်ကျေးရွာအနီး စခန်းများ အခြေချ၍ စာသင်ကျောင်း ဖွင့်လှစ်ခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ် နှစ်ဖက် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် အဆိုပါ ကျောင်းများကို အစိုးရဘက်မှ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ဦးဒွဲပီဆာက ပြောသည်။

“အပစ်ရပ်ပြီးနောက် တိုက်ပွဲပြန်ဖြစ်လာတော့ အဲဒီမှာစာသင်ဖို့ ကျနော်တို့လည်း အစိုးရ ကျောင်းဆရာဆိုရင် မသင့်တော်လို့ မနှစ်က ပြန်ခိုင်းလိုက်တာ။ ပြန်ခိုင်းလိုက်တာကို အစိုးရဘက်ကနေ ကျောင်းလာ စစ်ဆေးမယ် ဆိုပြီးတော့ ပညာရေးဌာနတွေက စစ်ကြောင်းနဲ့ လာမယ်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း မလာဖို့ တားတာ။ မရလို့ ခုခံလိုက်တာ သူတို့ဘက်က ထိခိုက်ကျရှုံးတာ ရှိတယ်။ အဲဒီနောက် အစိုးရဘက်က တပ်အင်အားတွေ ထပ်ဖြည့်လာပြီးတော့ တိုက်ပွဲ ပြန် ဖြစ်လာတာပဲ”ဟု သူက ပြောသည်။]

မလိယန်ကျေးရွာရှိ အိမ်ထောင်စု ၄၀ ကျော်ခန့်ရှိသော ကျေးရွာသားများ ဧရာဝတီမြစ်၏ အရှေ့ဘက် ဂျာရာယန်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်နေပြီ ဖြစ်ကြောင်းနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ထိခိုက်မှု ရှိလာနိုင်သည်ဟု ဦးဒွဲပီဆာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly