မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် ကန်ဗုံးကြဲလေယာဉ် ဖြန့်ကျက်မှု တရုတ် သတိပေး

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် ကန်ဗုံးကြဲလေယာဉ် ဖြန့်ကျက်မှု တရုတ် သတိပေး
B-1B Lancers ဗုံးကြဲလေယာဉ် တစ်စင်းကို တောင်ကိုရီးယားရဲ့ F-15K တိုက်လေယာဉ်များနှင့် အမေရိကန် F-16 ဂျက်လေယာဉ်များက ခြံရံလိုက်ပါလျက် အမေရိကန် အိုစန် လေတပ်စခန်းရဲ့ ဝေဟင်မှာ စက်တင်ဘာ ၁၃ ရက်နေ့က အနိမ့်ပျံသန်းနေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

မြောက်ကိုရီးယားက ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာ စက်တင်ဘာ ၁၃ ရက်နေ့က အမေရိကန်က သတိပေးတဲ့အနေနဲ့ အသံထက်မြန်တဲ့ ဗုံးကြဲလေယာဉ် နှစ်စီး တောင်ကိုးရီးယားနိုင်ငံရဲ့ ဝေဟင်မှာ ပျံသန်းပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျော့ချဖို့ တရုတ်က တောင်းဆိုလိုက်ပါတယ်။

မိတ်ဖွဲ့များအနေနဲ့ ဒေသအတွင်း တစ်ဦးနှင့် တစ်ဦး တင်းမာမှုများ အရှိန်မြင့်လာမှုနှင့် လှုံ့ဆော်မှုများကို ရှောင်ကြဉ်ပြီး သတိနဲ့ပြုမှုဆောင်ရွက်မယ်လို့ တရုတ်က မျှော်လင့်ကြောင်း အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချောင်ရင်က ပြောပါတယ်။

အသံထက်မြန်တဲ့ B-1B Lancers ဗုံးကြဲလေယာဉ် နှစ်စင်းကို တောင်ကိုရီးယားရဲ့ F-15K တိုက်လေယာဉ်များနှင့် အမေရိကန် F-16 ဂျက်လေယာဉ်များက ခြံရံလိုက်ပါလျက် ဆိုးလ်မြို့ တောင်ဘက် (၅၀) ကီလိုမီတာက အမေရိကန် အိုစန် လေတပ်စခန်းရဲ့ ဝေဟင်မှာ အနိမ့်ပျံသန်းခဲ့တာဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်းတပ်ဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။

တောင်ကိုးရီးယားနှင့် အမေရိကန်က ဒေသအတွင်း တည်ငြိမ်မှုနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများအား တုံ့ပြန်ရန် အချိန်တိုင်း ပြင်ဆင်နေတဲ့အကြောင်း ယခုလို လှုပ်ရှားမှုမှတဆင့် မြောက်ကိုရီးယားကို အသိပေးပို့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်က ဖြည့်စွတ် ဖော်ပြထားပါတယ်။

အခုလိုလုပ်ရပ်များက ဒေသအတွင်း မည်သူမှ အကျိုးပြုမှာ မဟုတ်တဲ့ ဆိုးရွားမှု အကျိုးဆက်ကိုသာ ဦးတည်စေမယ်လို့ ဟွာချောင်ရင်က အလေးပေး ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်က မြောက်ကိုရီးယားနိုင်ငံက အားအပြင်းဆုံး ဖျက်အားပြင်းဒုံးကျည်များပေါ်သို့  နျူကလီးယားထိပ်ဖူး တင်ဆောင်ပစ်လွှတ်နိုင်တဲ့ နျူကလီးယားဖောက်ခွဲ စမ်းသပ်မှုကို စိုးရိမ်ဖွယ် အခြေအနေလို့ ပြောရေးဆိုခွင့်ရှိသူ ဟွာချောင်ရင်က ဝန်ခံပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဘက်မှ တန်ပြန် ခြိမ်းခြောက်မှုကို ကာကွယ်ဖို့  တောင်ကိုးရီးယားမှာ THAAD ဒုံးကျည်ကာကွယ်ရေးစနစ် စတင်ဖို့ အမေရိကန်ရဲ့ ဆုံးချက်ဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်တယ်လို့ သူမက ဆိုပါတယ်။

တရုတ်က ၎င်းစနစ်ဟာ ၎င်းတို့ကာကွယ်ရေးစနစ်များကို ခြေရာခံရန်အတွက်လည်း အသုံးပြုနိုင်တယ်လို့ဆိုပြီး THAAD ချထားမယ့်ကိစ္စအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေပါတယ်။

အခုလို တစ်ဖက်သတ်လို လုပ်ရပ်က အခြေအနေကို ပိုမိုဆိုးရွားစေပြီး ကိစ္စရပ်များကို ရှုပ်ထွေးစေကာ မြောက်ကိုရီးယား နျူကလီးယား ဖယ်ရှားရေး နောက်ဆုံး ရည်မှန်းချက် အောင်မြင်ဖို့ ပိုပြီး အခက်တွေ့စေမယ်လို့ ဟွာချောင်ရင်က အလေးပေးပြောကြားခဲ့ပါတယ်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပဋိပက္ခကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်မယ်လို့ ယုံကြောင်း ထည့်သွင်း ပြောဆိုပါတယ်။

Source: EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags