ဂျာမနီ၌ တိုက်ခိုက်မှုလုပ်ရန် အိုင်အက်စ်စေလွှတ်လိုက်သူ ဆီးရီးယားသုံးဦးအား ဖမ်းမိ

ဂျာမနီ၌ တိုက်ခိုက်မှုလုပ်ရန် အိုင်အက်စ်စေလွှတ်လိုက်သူ ဆီးရီးယားသုံးဦးအား ဖမ်းမိ

ဘာလင်၊ စက်တင်ဘာ ၁၃ ။           ။ ဂျာမနီတွင် အိုင်အက်စ်အဖွဲ့က တိုက်ခိုက်မှုများ လုပ်ရန် စေလွှတ်လိုက်သူ ဆီးရီးယားသုံးဦးအား ဖမ်းမိကြောင်း တာဝန်ရှိသူများက ပြောသည်။

စက်တင်ဘာ ၁၃ ရက်၌ ရှာလက်ဝတ်ဂ် ဟိုစတိန်းနှင့် ဆာဇွန်နီ ပြည်နယ်များတွင် အာရုဏ်မတက်မီ စီးနင်းမှုများအတွင်း အသက် ၁၇၊ ၁၈ နှင့် ၂၆ နှစ်ရှိကြသော ၎င်းတို့ သုံးဦးကို ဖမ်းဆီးမိခြင်းဖြစ်သည်။

သို့သော် ၎င်းတို့၏ တိုက်ခိုက်ရေး အစီအစဉ်၊ ညွန်ကြားအမိန့်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ တွေ့ရှိခြင်း မရှိခဲ့ကြောင်း ဗဟိုပြည်သူ့ရှေ့နေရုံးက ပြောသည်။

၎င်းတို့ သုံးဦးက ၂၀၁၅ နိုဝင်ဘာလက ဂျာမနီနိုင်ငံအတွင်း ဝင်ရောက်လာကြသူများဖြစ်ကြောင်း၊ အိုင်အက်စ်ထံမှ တိုက်ခိုက်ရေး ညွှန်ကြားချက်ကို စောင့်နေကြခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုများအရ ယူဆရသည်ဟု ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

တူရကီနှင့် ဂရိတို့မှ ပတ်စ်ပို့စ်အတုများဖြင့် ဖြတ်သန်းကာ ၎င်းတို့ ဂျာမနီသို့ ဝင်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

စုံစမ်းစစ်ဆေးသူများက ၎င်းတို့က တိုက်ခိုက်ရေးမစ်ရှင်တစ်ခု ဆင်နွှဲမည့် အိုင်အက်စ်စေလွှတ်ထားသူများဖြစ်ကြောင်း ယူဆကာ အသက် ၁၇ ရှိသူက လက်နက်ကိုင်ဆောင်နည်းနှင့်   ဖောက်ခွဲရေးနည်းလမ်းများကို လေ့ကျင့်သင်ကြားထားကြောင်း ပြောသည်။

၎င်းတို့အား ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ ၏ ဒုက္ခသည်စခန်း သုံးခုအပါအဝင် နေရာတစ်ချို့၌ ရှာဖွေစီးနင်းမှုများ လုပ်ဆောင်စဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags