ခိုတောင်လူသတ်မှု အရေးကြီးသည့် ဒီအင်အေပြန်လည် စစ်ဆေးမှုကို ခွင့်မပြုဟုဆို

ခိုတောင်လူသတ်မှု အရေးကြီးသည့် ဒီအင်အေပြန်လည် စစ်ဆေးမှုကို ခွင့်မပြုဟုဆို

ဘန်ကောက်၊ ဇူလိုင်-၁၃ ။      ။ ထိုင်းနိုင်ငံတွင် ဗြိတိသျှကမ္ဘာလှည့်ခရီးသည်စုံတွဲကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရ သည့်မြန်မာနိုင်ငံသားနှစ်ယောက်၏ တရားခံရှေ့နေအဖွဲ့က အသတ်ခံရသည့် စုံတွဲ၏ ခန္ဓာကိုယ်များမှ အရေးကြီးသည့် မျိုးဗီဇဒီအင်အေနမူနာများကို စစ်ဆေးခွင့်မရခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများဖြစ်ကြသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့နှစ်ဦးကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ခိုတောင်ကျွန်းပေါ် တွင် အသက် ၂၄နှစ်အရွယ် ဒေးဗစ် မီလာကို သတ်ဖြတ်မှုနှင့် ဟန်နာ ဝှစ်သားရစ် (၂၃နှစ်)ကို မုဒိမ်းကျင့်သတ်ဖြတ်မှုများဖြင့် ကြားနာစစ်ဆေးခဲ့သည်။

အကယ်၍ ပြစ်မှုထင်ရှားပါက တရားခံနှစ်ဦးစလုံးမှာ သေဒဏ်ကျခံရဖွယ်ရှိနေသော်လည်း နှစ်ယောက်စလုံးက အပြစ် မရှိကြောင်းငြင်းဆိုထားသည်။

သို့ရာတွင် ဝစ်သားရစ်၏ ခန္ဓာကိုယ်ထဲတွင် တရားခံနှစ်ဦးစလုံး၏ မျိုးဗီဇများကို တွေ့ရှိရသောကြောင့် အသက်၂၂နှစ်အရွယ် တရားခံနှစ်ယောက်စလုံးမှာ အပြစ်ကျူးလွန်ခဲ့ကြောင်းကို မှုခင်းဆေးစစ်ချက်အထောက်အထားများက ညွှန်ပြနေသည်ဟု ထိုင်းရဲတပ်ဖွဲ့နှင့် အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

တရားခံရှေ့နေအဖွဲ့ကမူ တရားခံနှစ်ဦးမှာ ဖိအားပေးခံရ၍ စုံစမ်းစစ်ေးဆမှုကို အလျင်စလိုပြီးစလွယ်လုပ်ခဲ့ပြီး တရားခံနှစ်ဦးထံ မှ ဖြောင့်ချက်ကို ခြိမ်းခြောက်အကျပ်ကိုင်ယူခဲ့သည့် ရဲများ၏ ဓားစာခံမျှသာဖြစ်သည်ဟု အခိုင်အမာ ပြောဆိုခဲ့ကြသည်။ ထို့အပြင် တရားခံရှေ့နေများကရဲတပ်ဖွဲ့၏ ဒီအင်အေနမူနာများကို သီးခြားလွတ်လပ်စွာပြန်လည် စစ်ဆေးခွင့်ပေးရန် အနီးအနား ခိုဆာမူအီ ကျွန်းမှ တရားသူကြီးများထံ တောင်းခံခဲ့သည်။

သောကြာနေ့တွင် ရုံးတော်က စစ်ဆေးခွင့်ပြုခဲ့သော်လည်း ရဲတပ်ဖွဲ့ပိုင် ပစ္စည်းများထဲတွင် အထူးသဖြင့် မီလာနှင့် ဝစ်သားရစ်တို့၏ ခန္ဓာကိုယ်များမှ ရယူခဲ့သည့် အရေးကြီးသည့် နမူနာများထဲတွင် မည်သည့်နမူနာများမှာ ပြန်လည်စစ်ဆေးရန် သင့်တော်ဆဲအနေ အထားတွင် ရှိသည်ဆိုသည်မှာမူ ရှင်းလင်းကွဲပြားမှုမရှိဘဲဖြစ်နေသည်ဟု ဆိုသည်။        

တရားခံရှေ့နေအဖွဲ့ခေါင်းဆောင် နတ်ခွန် ချွမ်ပူချာ့၏ ဇူလိုင်လ ၁၂ရက်နေ့က ပြောကြားချက်အရ လူသတ်လက်နတ်ဟု ယူဆရသည့် ဥယျာဉ်ခြံသုံး ပေါက်တူး၊ ရူးဖိနပ်တစ်ဖက်၊ ခြေအိတ်တစ်ခုနှင့် ပလပ်စတစ်အိတ်တစ်ချို့အပါအဝင် အခင်းဖြစ်ပွားရာအနီးတွင် တွေ့ရှိရသည့် ပစ္စည်း လက်တစ်ဆုပ်စာကိုသာလျှင် ပြန်လည်စစ်ဆေးနိုင်ခဲ့သည်ဟု ဆိုသည်။

‘ကျွန်တော်တို့က ပိုပြီးစစ်ဆေးခွင့်ရချင်ပါတယ်။ ဒါပေမယ့်လည်း တခြားပစ္စည်းတွေက စစ်ဆေးစရာ နမူနာမကျန်ခဲ့ပါဘူး’’ဟု ၎င်းက ပြောကြားခဲ့သည်။

နမူနာပစ္စည်းများကို ပြန်လည်စစ်ဆေးမှုမှာ နှစ်ဖက်စလုံးအတွက် မည်မျှအသုံးဝင်မည်ဆိုသည်မှာ လည်းသေချာရှင်းလင်းခြင်း မရှိပါ။ ယခုရက်သတ္တပတ်အစောပိုင်းကမူ မျက်မြင်သက်သေတစ်ဦးက ဗြိတိသျှစုံတွဲ၏ အလောင်းများကို တွေ့ရှိပြီးမကြာမီတွင် ဥယျာဉ်ခြံသုံး ပေါက်တူးကို တွေ့ရှိရသောကြောင့် ဆေးကြောဖယ်ရှားခဲ့ရကြောင်း သက်သေခံထွက်ဆိုခဲ့သည်။

‘ရုံးတော်အမိန့်ရဲ့ ဆိုလိုရင်းက ဟန်နာနဲ့ ဒေးဗစ်တို့နှစ်ဦးရဲ့ ခန္ဓာကိုယ်တွေက ဒီအင်အေနမူနာတွေကို ပြည်လည်စစ်ဆေးဖို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ’’ဟု တရားခံများအတွက် ရံပုံငွေရှာဖွေပေးနေပြီး၊ တရားခံရှေ့နေအဖွဲ့ကိုလည်း အကြံပေးနေသည့် ထိုင်းအခြေစိုက် ဗြိတိန်နိုင်ငံသား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အန်ဒီ ဟောက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly