မြန်မာ့လက်ရွေးစင်အသင်း ဥရောပခရီးစဉ် ပထမဆုံးခြေစွမ်းပွဲ ယနေ့ည ကစားမည်

မြန်မာ့လက်ရွေးစင်အသင်း ဥရောပခရီးစဉ် ပထမဆုံးခြေစွမ်းပွဲ ယနေ့ည ကစားမည်
ဂျာမနီနိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်း။ (ဓာတ်ပုံ - MFF)
 

ဆူဇူကီးဖလား အောင်မြင်ရေးအတွက် ဥရောပနိုင်ငံများသို့ သွားရောက် လေ့ကျင့်နေတဲ့ ပဏာမ မြန်မာ့လက်ရွေးစင်အသင်းဟာ ပထမဆုံး ခြေစမ်းပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့ ည (၈) နာရီ( မြန်မာ စံတော်ချိန် ည ၁၂း၃၀ နာရီ)မှာ နယ်သာလန် တတိယတန်း ဒေသ အခြေစိုက်ကလပ် Revv EVV Echt အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရပါတယ်။

ပဏာမ မြန်မာအသင်း သည် စက်တင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ဂျာမနီနိုင်ငံ ဒက်စ်ဘောဂ့်မြို့သို့ စက်တင်ဘာ ၁၂ ရက်က ရောက်ရှိခဲ့ပါတယ်။

လက်ရွေးစင်အသင်းဟာ လေ့ကျင့်မှုများအား ဒက်စ်ဘောဂ့်မြို့ရှိ တည်းခိုနေထိုင်ရာ Sportschule Wedau အားကစားစင်တာတွင် ပြုလုပ်လျက်ရှိပြီး မနက်ဖြန် မွန်းလွဲပိုင်းတွင် နယ်သာလန်နိုင်ငံသို့ ခြေစမ်းပွဲ သွားရောက် ကစားမှာဖြစ်ပါတယ်။

အဆိုပါ စင်တာဟာ ယခင် မြန်မာ ယူ၂၀ အသင်း ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလားအတွက် သွားရောက်လေ့ကျင့်ခဲ့ဖူးတဲ့ နေရာဖြစ်ပြီး လေ့ကျင့်ရေးကွင်း၊ တည်းခိုဆောင် အနေအထား၊ အစားအသောက်နှင့် ပတ်ဝန်းကျင် ရာသီဥတု အခြေအနေတို့မှာ မြန်မာအသင်း လေ့ကျင့်ရေးအတွက် ကောင်းမွန်တဲ့ နေရာဖြစ်ကြောင်း သိရပါတယ်။

မြန်မာအသင်းအနေဖြင့် ဒီကနေ့ ယှဉ်ပြိုင်မယ့် နယ်သာလန် ကလပ်နှင့် ခြေစမ်းပွဲအား ရလဒ် အဓိကထားကစားမှာ မဟုတ်ဘဲ အသင်းလိုက် ကစားအား ကောင်းမွန်ရေးအတွက်သာ အဓိကထား ပြင်ဆင်ရန် ခြေစမ်းသွားမှာဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။

ပဏာမ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ခြေစမ်းရန် လျာထားမှု
-၁၃ စက်တင်ဘာ ၂၀၁၆
EVV Echt (နယ်သာလန်) နှင့် ပဏာမ မြန်မာ့လက်ရွေးစင်

-၂၀ စက်တင်ဘာ ၂၀၁၆
Koninklijike Berchem (ဘယ်လ်ဂျီယံ)နှင့် ပဏာမ မြန်မာ့လက်ရွေးစင်

-၂၂ စက်တင်ဘာ ၂၀၁၆
Roda JC Kerkrade (နယ်သာလန်)နှင့် ပဏာမ မြန်မာ့လက်ရွေးစင်

-၂၆ စက်တင်ဘာ ၂၀၁၆
VVV-Velno (နယ်သာလန်)နှင့် ပဏာမ မြန်မာ့လက်ရွေးစင်

-၂၈ စက်တင်ဘာ ၂၀၁၆
Patro Eisden (ဘယ်လ်ဂျီယံ)နှင့် ပဏာမ မြန်မာ့ လက်ရွေးစင်

-၅ အောက်တိုဘာ ၂၀၁၆
Enosis Neon Paralimni (ဆိုက်ပရပ်စ)နှင့် ပဏာမ မြန်မာ့ လက်ရွေးစင်

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly