ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင်တန်ခရီးစဉ်အကြောင်း သိသင့်သည့် အချက် ငါးချက်

ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင်တန်ခရီးစဉ်အကြောင်း သိသင့်သည့် အချက် ငါးချက်

သမ္မတ အိုဘားမား ရာထူးက မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးခရီးစဉ် လာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုးကြားမှု လမ်းကြောင်း၏ ကဏ္ဍသစ်ဖြစ်လာပါမည်။
 
လွန်ခဲ့သည့် ခြောက်နှစ်ကဆိုလျှင် ကမ္ဘာတွင် ရက်စက်သော စစ်အုပ်ချုပ်ရေးတစ်ရပ်ကို ဆန့်ကျင်မှုအတွက် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ်ခံ ဘဝဖြစ်သည်။ ယနေ့တွင်တော့ အသက် ၇၁ နှစ်ရှိနေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီမြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်နေပြီဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၄ ရက်၌ ဝါရှင်တန်သို့ ရောက်ရှိပြီး သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်၊ လွှတ်တော်အမတ်များနှင့် စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံပါမည်။ အကျယ်ချုပ်မှ လွတ်မြောက်ပြီး အချိန်ပိုင်းအတွင်း ၂၀၁၂ ခုနှစ်က အမေရိကန် နောက်ဆုံးခရီးစဉ် နောက်ပိုင်း အခင်းအကျင်းဖြစ်ရပ်များက များစွာ ပြောင်းလဲနေပေသည်။
 
နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွတ်မြောက်လာခဲ့ပြီ။ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ဖြေရှင်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေသည်။ နိုဝင်ဘာက သမိုင်းဝင်ရွေးကောက်ပွဲဖြင့် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို ငြိမ်းချမ်းစွာပဲ အာဏာလက်လွဲယူနိုင်ခဲ့သည်။ သမ္မတ အိုဘားမား ရာထူးက မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်၏   နောက်ဆုံးခရီးစဉ် လာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုးကြားမှု လမ်းကြောင်း၏ ကဏ္ဍသစ်ဖြစ်လာပါတော့မည်။ ထိုခရီးစဉ် ပတ်သက်ပြီး အောက်ပါ အချက်များက သိထားသင့်သည့် အချက်များပင် 
ခေါင်းဆောင်တစ်ဦးအနေဖြင့် ခရီးစဉ်

 
နှစ်ပေါင်း အစိတ်အတွင်း လွတ်လပ်သည့် ပထမဆုံးရွေးကောက်ပွဲအဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ဧပြီလတွင် အစိုးရအဖြစ် တက်လာခဲ့သည်။   ထောက်ခံမှုများစွာ ရသူဖြစ်သော်လည်း စစ်တပ်ရေးဆွဲသည့် ဖွဲ့စည်းပုံကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ခွင့် တားဆီးခံထားရသည်။ ယင်းအတွက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတထက် ပိုသာသည့် လုပ်ပိုင်ခွင့်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနေရာအား ဖန်တီးဖော်ဆောင်ခဲ့သည်။
 
နိုင်ငံ၏ ဦးသျှောင် သမ္မတအဖြစ် ရင်းနှီးသည့် မိတ်ဆွေလည်းဖြစ်၊ ယုံကြည်ရသူလည်းဖြစ်သော ဦးထင်ကျော်အား ခန့်အပ်ထားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတရုံးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး နေရာများကို တာဝန်ယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရယူထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနေရာသည် ဝန်ကြီးချုပ်ရာထူးနှင့် အလားသဏ္ဍန်တူကာ လုပ်ပိုင်ခွင့်အာဏာကြီးကြီးမားမား ရှိသည်။
 
သို့သော်လည်း ဒေါ်အောင်ဆန်စုကြည်၏ လုပ်ပိုင်ခွင့်က အကန့်အသတ်ရှိနေကာ စစ်တပ်က တစ်သီးတစ်ခြားဖြင့် ရပ်တည်နေခြင်းဖြစ်သည်။ စစ်တပ်အနေဖြင့်က ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေး အဓိကဝန်ကြီးသုံးနေရာကို ခန့်အပ်ပိုင်ခွင့် အာဏာက လက်ဝယ်ရှိထားခြင်းဖြစ်သည်။ ထိုပြင် တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ပါဝင်နေကာ နိုင်ငံ၏ ဖွဲ့စည်းပုံ ပြောင်းလဲရေး မည်သည့် အဆိုပြုချက်မဆို ဗီတိုအာဏာသုံးနိုင်သည်။

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေးအတွက် အခရာ
 
၁၉၉၀ နှစ်လယ်ကာလများတွင် မြန်မာနိုင်ငံက လူအခွင့်အရေး အလွဲသုံးစားမှုများကြောင့် ပြစ်ဒဏ်အဖြစ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ လက်နက်ကုန်သွယ်မှု၊ ကျောက်စိမ်းနှင့် ပတ္တမြား တင်ပို့မှုနှင့် တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအပေါ် နာမည်ပျက်စာရင်းသွင်းထားမှုက လက်ရှိအထိ သက်ရောက်နေဆဲဖြစ်သည်။
 
အမေရိကန်၏ မြန်မာနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့သည့် ပေါ်လစီတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကအရေးပါသူဖြစ်သည်။ ၂၀၁၂ ခုနှစ်အတွင်းက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအတွက် ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့မည်ဟု အိုဘားမားက ကြေညာခဲ့သည်။ မေလတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့် ပြည်သူ ၅၁ သန်းရှိရာ ဈေးကွက်တွင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက်   ဖြေလျှော့မှုများ ပေးလာခဲ့သည်။
 
“စီးပွားရေးဖွံ့ဖြိုးမှုအတွက် အတားအဆီးတစ်ချို့ကို ဖယ်ရှားဖို့ စတင်တာပါပဲ။ ဒဏ်ခတ်ပိတ်ဆို့မှု တစ်ချို့ကတော့ ရှိနေဦးမှာပါ။ ဘာကြောင့်လည်းဆိုတော့ ထင်သာမြင်သာတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက ရုပ်လုံးမပေါ်သေးလို့ပါပဲ။”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က TIME သို့ မေလအတွင်းက ပြောထားခဲ့သည်။
 
ပြည်တွင်းနှင့် ပြည်ပ တစ်ချို့သော စီးပွားရေးလုပ်ငန်းရှင်များက ရှိနေဆဲ ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုတ်သိမ်းပေးဖို့ မှတ်ချက်ပေးထားကြသည်။ ဖွံ့ဖြိုးမှုကို ထိခိုက်ပျက်စီးစေသည့်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုအားလုံး ဖယ်ရှားရေး အမေရိကန်နိုင်ငံအား မေတ္တာရပ်ခံရန် ပြီးခဲ့သည့် လအတွင်းက လွှတ်တော်၌ အတိုက်အခံအမတ်များက အဆိုတင်ခဲ့ကြသည်။ လူ့အခွင့်အရေးအုပ်စုများကမူ စစ်တပ်အပေါ် ဖိအားပေးနိုင်ရန်အတွက် ဆက်လက်ချမှတ်ထားသင့်ကြောင်း တိုက်တွန်းလို့ ထားသည်။

ဟီလာရီကလင်တန်၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုအဖြစ် မြန်မာ့ဒီမိုကရေစီ ပွင့်လန်းလာမှု
 
သံတမန်နှင့် စီးပွားရေးဆက်သွယ်မှုများ ၂၀၁၂ တွင် စတင်ဆက်သွယ်ဖွင့်လှစ်လိုက်ချိန်က စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စွပ်စွဲမှုများ ရှိနေဆဲ စစ်တပ်နှင့် ဆက်ဆံခြင်းအဖြစ် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သော်လည်း ယနေ့တွင် ပညာရှင်အများစုက မှန်ကန်သည့် လုပ်ဆောင်မှုအဖြစ် သဘောတူလာသည်။
 
ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ်အတွင်း အမေရိကန်၏ ပြန်လည်စေ့စပ်ရေးမူဝါဒကို စတင်ကျင့်သုံးလာခဲ့သည်။ သူ၏ ဘဝအတွေ့အကြုံမှတ်တမ်း Hard Choices တွင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုအကြောင်း ထဲထဲဝင်ဝင် မှတ်တမ်းတင်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆွေသူငယ်ချင်းအဖြစ် ဖော်ပြကာ ၂၀၁၂ က အမေရိကန်သံရုံး တိုက်ခိုက်ခံရသည့် ၁၁ နာရီကြာ ဘန်ဂါဇီ ကြားနာမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ရည်ညွန်းဖော်ပြခဲ့သည်။
 
“ကျွန်မအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ အပြောင်းအလဲအတွက် လမ်းဖွင့်ပေးဖို့ ရီပတ်ဘရီကန်ခေါင်းဆောင် လွှတ်တော်အမတ် Mitch McCommell နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။”ဟု ပွင့်ပွင့်လင်းလင်းမှတ်ချက်ပြုထားသည်။
 
၂၀၁၁ နောက်ပိုင်း ဟီလာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး သုံးကြိမ်တိုင် တွေ့ဆုံခဲ့သည်။ ၁၉၅၅ မှစတင်ကာ ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မှုအဖြစ် ဟီလာရီကလင်တန်က လာရောက်ချိန်မှစကာ နောက်ပိုင်းတွင်ဖြစ်သည်။ အိုဘားမား၏ အာရှအင်အားချိန်ခွင်လျှာမူဝါဒကို ဆက်လက်ကျင့်သုံးဖွယ်ရှိသည့် ဟီလာရီကလင်တန်အား သမ္မတဖြစ်ရေးကိုလည်း မြန်မာပြည်သူအများစုက လိုလိုလားလားရှိနေသည်။ အမေရိကန်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ချိန်တွင် ဟီလာရီကလင်တန်နှင့် တွေ့ဆုံမှု အစီအစဉ်ကို မသိရှိထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက TIME သို့ ပြောသည်။

တရုတ်အတွက် အဆုံးအရှုံး
 
စစ်တပ်အုပ်ချုပ်ခဲ့သည့် နှစ် ၆၀ ကျော် လမ်းကြောင်းတွင် အရှေ့တောင်အာရှ မြန်မာနိုင်ငံက အနောက်နိုင်ငံများနှင့် ဖယ်ခွာကာ အထီးကျန်ဖြစ်ခဲ့ပြီး စစ်အစိုးရအတွက် အိမ်နီးချင်း တရုတ်နှင့် ပိုမိုနီးကပ်သွားစေသည်။ တရုတ်က မြန်မာအတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည်။ သို့သော် ကမ္ဘာ့ကျန်ဒေသများနှင့် တံခါးဖွင့်လှစ်လိုက်ခြင်းက သယံဇာတအရင်းအမြစ်ကြွယ်ဝရာ မြန်မာနိုင်ငံတွင် တရုတ်ကြီးစိုးထားမှုအတွက် စိန်ခေါ်မှုဖြစ်လာခဲ့သည်။
 
အရပ်သားတစ်ပိုင်းအစိုးရ တက်လာပြီး ကာလတိုအတွင်းမှာပင် မြန်မာအစိုးရက အဓိကစွမ်းအင်စီမံကိန်းများအတွက် တရုတ်နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း၊ တရုတ်၏ ယူနန်ပြည်နယ် လျှပ်စစ်ဓာတ်အား ရရေးအတွက် အကြီးစားဆည်များ တည်ဆောက်ရေးတို့အပါအဝင် စီမံကိန်းကြီးများပဲဖြစ်တော့သည်။ ထိုသို့သော သဘောတူညီမှုများက မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံများ တိုးချဲ့မှုနှင့် ထိရောက်သည့် ရင်းနှီးမြုပ်နှံမှု မူဝါဒတို့အားဖြင့် တရုတ်နိုင်ငံအတွက် အနှောင့်အယှက်ဖြစ်နေရသည်။
 
ဥပမာထင်ထင်ရှားရှားမှ အစိုးရစစ်တပ်နှင့် စစ်ပွဲများဖြစ်နေရာ တိုင်းရင်းသားလက်နက်ကိုင်များ နယ်မြေ ကချင်ပြည်နယ်က မြစ်ဆုံဆည်ရေအားလျပ်စစ်စီမံကိန်းဖြစ်သည်။ အဆိုပါစီမံကိန်းအား သမ္မတဟောင်း ဦးသိန်းစိန်က ရပ်တန့်ထားခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းပေါ်သို့ ရောက်လာရခြင်းပဲဖြစ်သည်။
 
“မြန်မာနိုင်ငံ၏ အမေရိကန်နှင့် ဆက်ဆံရေးမြှင့်တင်လာခြင်းသည် တရုတ်အတွက် မူဝါဒရေးရာတွင် စိုးရိမ်မှုဖြစ်စေကြောင်း” ရန်ကုန်အခြေစိုက် လွတ်လပ်သည့် နိုင်ငံရေးသုံးသပ်သူ Richard Horsey က TIME သို့ အီးမေးလ်က တစ်ဆင့်ဖြေကြားသည်။ သို့သော် အဆုံးစွန်အားဖြင့် အမေရိကန်နှင့် နီးကပ်ခြင်းက တရုတ်၏ အကျိုးစီးပွားများအပေါ် ထိခိုက်မှု သက်ရောက်နေခြင်း မရှိကြောင်း တရုတ်ခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်စေခြင်းပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါသည်။
 နေရပ်ပြန်ချိန် စောင့်ဆိုင်းနေမည့် ပြည်တွင်းရေးစိန်ခေါ်မှုများ
 
အမေရိကန်နှင့် ဗြိတိန်တို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် ရယူပြီး ဒေါ်အောင်ဆန်းစုကြည်က  ပြည်ရပ်ပြန်မည်ဖြစ်ပါသည်။ အမေရိကန်သို့ မလာမီ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗြိတိန်နှင့် အမေရိကန်တို့နှင့် ဆက်ဆံရေး ခိုင်မာမှုက လိုအပ်နေပါမည်။
 
အကျင့်ပျက်ခြစားမှု ဆယ်စုနှစ်များစွာ၊ အာဏာရှင်အုပ်ချုပ်မှု၏ စီးပွားရေးအား ဖျက်ဆီးခဲ့ခြင်း၊ ကျန်းမာရေးနှင့် ပညာရေးစနစ်နှင့် ကမ္ဘာ့ဒုတိယဘိန်းအများဆုံးထွက်ရာအဖြစ် မူးယစ်ဆေးဝါးပြဿနာများက ပြည်တွင်းရေးရာများပဲဖြစ်သည်။
 
ကျောက်စိမ်း၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွှေ့ ပေါကြွယ်ဝသည့်ကြားမှ မြန်မာနိုင်ငံသည် အာရှ၏ အဆင်းရဲဆုံးနိုင်ငံနှင့် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံအဖြစ် ရှိနေရသည်။ နိုင်ငံ၏ သဘာဝရင်းမြစ်များစွာက တိုင်းရင်းသားနယ်မြေများတွင် တည်ရှိနေသည်။ ပြည်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်အတွက် ဆယ်စုနှစ်များစွာ တုပြိုင်နေရသည့် လက်နက်ကိုင်တပ်များ ၂၀ ကျော်ထက်မနည်းရှိနေသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များက ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် အပစ်ရပ်ရေးသဘောတူညီမှုဖြင့် သမ္မတဦးသိန်းစိန်လက်ထက်တွင် စတင်လာခဲ့သော်လည်း ပဋိညာဉ်က အလှမ်းဝေးနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာမီက စတင်လာခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ အရှေ့ဖက်နှင့် မြောက်ပိုင်းတို့တွင် တိုက်ပွဲများက ဖြစ်ပွားနေဆဲဖြစ်သည်။
 
မြန်မာပြည်၏ အနောက်ဖက်ကမ်းရိုးတန်းတွင်လည်း ရိုဟင်ဂျာဆိုသူ မွတ်စလင် တစ်သန်းနီးပါးက နိုင်ငံမဲ့ဖြစ်နေဆဲဖြစ်သည်။ ၂၀၁၂ ခုနှစ်အတွင်း ပဋိပက္ခမီးထတောက်၍ ရိုဟင်ဂျာဆိုသူ တစ်သိန်းကျော် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး ကြောက်လန့်ဖွယ်အခြေအနေကြောင့် အန္တရာယ်ပြွန်းသည့် ခရီးဖြင့် ပင်လယ်ဖြတ်ကာ နိုင်ငံရွှေ့ပြောင်းဝင်ရောက်ခြင်းများလည်း ရှိနေသည်။
 
“မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးစိန်ခေါ်မှုများက အမေရိကန်ခရီးက အပြန် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်နေဆဲ ရှိနေမှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုးများလာတဲ့ နိုင်ငံတကာအထောက်အပံ့များနဲ့အတူ ပြည်သူတွေ အားတက်စေမယ့် အပြန်ခရီးပဲ ဖြစ်ပါမယ်။”ဟု လူ့အခွင့်အရေးစောင့်ကြည်ရေးဆိုင်ရာ အကြီးတန်းမြန်မာအရေးလေ့လာသူ David Scott Mathieson က TIME သို့ ပြောခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly