ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၂၀ အသင်းကို စေလွှတ်ရန် အခက်ကြံု

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၂၀ အသင်းကို စေလွှတ်ရန် အခက်ကြံု
နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း

ဇူလိုင် ၁၃၊ ရန်ကုန်။ ။ မြန်မာ့လက်ရွေးစင်အသင်းကြီး၏ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ရှိနေသည့်အတွက် လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲသို့  မြန်မာ ယူ-၂၀ အသင်းကို စေလွှတ်ရန် အခက်ကြုံလျက်ရှိသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်အောင် က မဇ္ဈိသို့ ပြောသည်။ အဆိုပါပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နိုဝင်ဘာလ ၂၀ ရက်မှ ၃၀ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး လာရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများကိုမူ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

“ လာမယ့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ကျွန်တော်တို့ဘက်ကတော့ တရားဝင် စာပြန်ပြီးပါပြီ။ ဘယ်နှစ်သင်းလာပြိုင်မယ် ဆိုတာတော့ မသိရသေးပါဘူး။ ယူ-၂၁ အသင်းဆိုတော့ နည်းပြက အမြဲထိတွေ့နေတဲ့ မစ္စတာ ဂတ် လည်းဖြစ်နိုင်ပါတယ်။ အမြန်ဆုံး နည်းပြအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ညှိသွားမှာပါ။ ယူ-၂၀ အသင်းကို သွားပြိုင်စေချင်ပေမယ့် နိုဝင်ဘာထဲမှာ လက်ရွေးစင်အသင်းခြေစစ်ပွဲ ရှိနေတော့ သူတို့အသင်းမှာ ယူ-၂၀ ကစားသမားတွေ ရွေးဖို့လည်း ရှိနေပါတယ်။ ဒီတခေါက်တော့ လက်ရွေးစင်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့အတွက် သူတို့ကို ဦးစားပေးပြီး ကျန်တဲ့ အသက်မီတဲ့ ကစားသမားတွေ ရွေးပြီးတော့ သွားပြိုင်ဖို့ စီစဉ်သွားမှာပါ ” ဟု ဦးတင်အောင်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် လက်ရှိတွင် နိုင်ငံတကာပြိုင်ပွဲများ မရှိသည့်အတွက် ကစားသမားများကို သက်ဆိုင်ရာကလပ်အသင်းများသို့ ပြန်လည်စေလွှတ်ခဲ့ပြီး နည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်မှာလည်း အာရှ ယူ-၁၉ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၈ အသင်းကို တာဝန်ယူကိုင်တွယ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly