တိုက်စစ်မှူးသစ် ပီရက်ဇ်ကို အချိန်ပေးရန် အာစင်ဝင်းဂါးတောင်းဆို

တိုက်စစ်မှူးသစ် ပီရက်ဇ်ကို အချိန်ပေးရန် အာစင်ဝင်းဂါးတောင်းဆို

စက်တင်ဘာ ၁၂၊ အင်္ဂလန် ။             ။ တိုက်စစ်မှူးသစ် လူးကပ်စ်ပီရက်ဇ်၏ခြေစွမ်းကို အလျင်စလို မဆုံးဖြတ်ကြရန်နှင့် အချိန်တစ်ခုပေးရန် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက တောင်းဆိုလိုက်သည်။

ပီရက်ဇ်သည် ပြောင်းရွှေ့ကြေးပေါင် ၁၇.၁ သန်းဖြင့် အပြောင်းအရွှေ့မပိတ်မီ အာဆင်နယ်သို့ရောက်ရှိလာခဲ့ပြီး ဆောက်သမ်တန်ကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပထမဆုံးပွဲထွက်ကစားခဲ့သည်။

‘ပီရက်ဇ်ကို အချိန်ပေးကြပါ။ ကျွန်တော်တို့အသင်းဟာ ရာသီအစကတည်းက ပွဲတိုင်းဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူးသစ်တစ်ဦး ဝယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်တယ်ထင်လို့ပါ။ ပီရက်ဇ်ရဲ့ခြေစွမ်းကို အလျင်အမြန် မဆုံးဖြတ်လိုက်ကြပါနဲ့ သူ့ကို အချိန်ပေးကြပါ’ ဟု ဝင်းဂါးက ပြောသည်။

ပီရက်ဇ်သည် ပြီးခဲ့သည့်ရာသီက ဒီပို့တီဗိုအသင်းတွင် ၁၇ ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ပီရက်ဇ်အနေဖြင့် အာဆင်နယ်အတွက် ဂိုးများသွင်းယူနိုင်လိမ့်မည်ဟု အာစင်ဝင်းဂါးက ယုံကြည်နေသည်။

‘လူတိုင်းက သူ့ကိုစောင့်ကြည့်နေကြလို့ သူ့မှာ ဖိအားရှိနေပါတယ်။ အိမ်ကွင်းမှာ ပထမဆုံးကစားရတဲ့ပွဲက မလွယ်ပါဘူး။ ဒုတိယပိုင်းမှာ ပီရက်ဇ်ရဲ့ကစားပုံပိုကောင်းလာတယ်လို့ ထင်ပါတယ်။ မူစတာဖီကိုကြည့်ရင်လည်း ဒီအချက်ကို တွေ့နိုင်မှာပါ။ ပထမပိုင်းထက် ဒုတိယပိုင်းမှာ ကစားပုံက ပိုပြီး သက်သောင့်သက်သာ ရှိခဲ့ပါတယ်’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags