ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်မှာ ဦးသိန်းညွှန့် ဘာကြောင့် မဆွေးနွေးသလဲ

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်မှာ ဦးသိန်းညွှန့် ဘာကြောင့် မဆွေးနွေးသလဲ

နေပြည်တော်၊ ဇူလိုင် ၁၃ ။     ။ အာဏာရပါတီအပါအဝင် အတိုက်အခံအမတ်များနှင့် တိုင်းရင်းသားအမတ်တို့ အကြိတ် အနယ်ဆွေးနွေးခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဖြစ်သူ နာမည်ကျော်ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွှန့် ဝင်ရောက်ဆွေးနွေးခြင်း မရှိခဲ့ပေ။
 
ပြုပြင်ပြောင်းလဲရမည်ဟု အများစုက သတ်မှတ်ထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် အာဏာရပါက တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ ၄၃၆(က)နှင့် ၄၃၆(ခ)နှင့် အကျုံးဝင်သည့် ပုဒ်မများကို ပြီးခဲ့သည့် ရက်ပိုင်းက လွှတ်တော်အမတ်များ အကြိတ်အနယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သို့သော် နိုင်ငံအတွက် အရေးကြီးသည့် ဥပဒေများ၊ သက်တမ်းကြာမြင့်နေသည့် ဥပဒေများနှင့် နိုင်ငံရေးသမားများကို နှိပ်ကွပ် ရန် ပြဌာန်းထားသည့် ဥပဒေများကို ပြုပြင်ပြောင်းလဲရန် လွှတ်တော်တွင် မကြာခဏ တောင်းဆိုလေ့ရှိသူ ရှေ့နေတစ်ဦးဖြစ်သည့် ဦးသိန်းညွှန့်မှာ “၄၃၆(က)မှာက ခွင့်ယူတယ်၊ ၄၃၆(ခ)မှာက ဝင်မဆွေးနွေးဘူး။ မဲပေးတယ်” ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာလည်း “မပြီးသေးတဲ့ ဇာတ်လမ်းတစ်ပုဒ်” ဟု ဦးသိန်းညွှန့်က ပြောသည်။
 
ပုဒ်မ ၄၃၆(က)ဆွေးဆွေးသည့် ရက်တွင် ခွင့်တိုင်ကြားခြင်းမှာ ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော သင်္ကန်းကျွန်းမြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကွင်းဆင်းနေခြင်းဖြစ်သည်ဟု ဆိုကာ “၄၃၆(က)က ကျွန်တော်တို့ လွှတ်တော်ထဲမှာ ရှိရှိ၊ မရှိရှိ လူထုဆန္ဒခံယူပွဲလုပ်ရမယ်လေ။ ဒါကြောင့် မပြီးသေးတဲ့ ဇာတ်လမ်းအတွက်ကို ကျွန်တော်လွှတ်တော်ထဲမှာ ထိုင်မလား၊ လူထုလိုအပ်ချက်ကို လက်ငင်း သွားဖြေရှင်းပေးလိုက်တယ်” ဟု ဦးသိန်းညွှန့်က မဇ္ဈိမကို ပြောသည်။
 
တိုင်းပြည် အနာဂတ်အတွက် အလွန်အရေးကြီးသည့် ဖွ့ဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မအများစုမှာ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှု ရလဒ်အရ ပြင်ဆင်ရန်ရှုံးနိမ်ခဲ့သည်။
 
ပုဒ်မ ၄၃၆(က)နှင့် အကျုံးဝင်သည့် ပုဒ်မ ၄ခု၊ ပုဒ်မခွဲ ၆ခုအနက် သမ္မတနှင့် ဒုတိယသမ္မ၏ အရည်အချင်းကို စစ်ရေးအမြင် အစား ကာကွယ်ရေးအမြင်ရှိရမည် ဟူသည့် တစ်ချက်သာ လွှတ်တော်တွင် အတည်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မ ၅၉(စ)မှာလည်း ပြင်ဆင်နိုင်ခြင်း မရှိပေ။
 
အလားတူ ပုဒ်မ ၄၃၆(ခ)နှင့် အကျုံးဝင်သည့် ပုဒ်မ ၂၁ခု၊ ပုဒ်မခွဲ၊ ပုဒ်မခွဲငယ်ပေါင်း ၆၀မှာလည်း တပ်မတော်က ထောက်ခံသည့် ဇယား(၂)နှင့် ဇယား(၅)သာ ပြင်ဆင်နိုင်ခဲ့ပြီး ကျန်ပုဒ်မများမှာ ပြင်ဆင်ရန် ရှုံးနိမ့်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly