ရခိုင်ကော်မရှင်ကို ဖျက်သိမ်းမည့် အရေးကြီးအဆို ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ

ရခိုင်ကော်မရှင်ကို ဖျက်သိမ်းမည့် အရေးကြီးအဆို ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ

စစ်တွေ၊ စက်တင်ဘာ ၁၂ ရက် ။           ။ ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးရန် အဆိုကို ယနေ့ (စက်တင်ဘာ ၁၂ရက်) ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းဝေးတွင် တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ယင်းအဆိုကို စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးကျော်ဇောဦးက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“တစ်စုံတစ်ယောက်ကို နိုင်ငံသားပေးတယ်ဆိုတာ အဲဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာ ကိစ္စသာဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ အချူပ်အခြာအာဏာနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ခုကို ဆုံးဖြတ်လုပ်ဆောင်နိုင်ဖို့ အရေးအတွက် အကြံအဉာဏ်ပေးဖို့ရာ ကော်မရှင် တရပ်ကို နိုင်ငံခြားသားတစ်ဦးကို ဦးဆောင်ခိုင်းတာ၊ တခြားနိုင်ငံခြားသားတွေကို မိမိတို့ရဲ့ ပြည်တွင်းရေးကိစ္စကို ဝင်ရောက် စွက်ဖက်ပြောဆို ပိုင်ခွင့်ပေးတာဟာ နိုင်ငံသူ၊ နိုင်ငံသားတွေ အနေနဲ့ အများကြီး အရှုံးထွက်ပြီးသား ဖြစ်သွားပါပြီ။” ဟု အဆိုရှင် ဦးကျော်ဇောဦးက ပြောသည်။

ယင်းအဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။

“ပြည်ထောင်စုရဲ့ ဆန္ဒသဘောထားမပါဘဲ ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကိုဖီအာနန် ကော်မရှင်ကို အသိအမှတ်မပြုကြောင်း၊ လက်မခံကြောင်း တင်သွင်းတဲ့ အဆိုဟာ ရခိုင်ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒအတိုင်းတထပ်တည်း ဖြစ်တာကြောင့်
မဲဆန္ဒရှင်ပြည်သူတွေ ကိုယ်စား ထောက်ခံပါတယ်။” ဟု ပေါက်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသာထွန်းအောင်က ပြောသည်။

ယနေ့ ကျင်းပခဲ့သော ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၄၇ ဦးတွင် ၄၂ ဦး တက်ရောက်ခဲ့ပြီး လာမည့် ဒုတိယနေ့ အထူး အစည်းအဝေးကို စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly