ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို သုံးသပ်ရန် တိုင်းရင်းသားခေါင်းဆောင်များ ချင်းမိုင်တွင် တွေ့ဆုံနေ

ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို သုံးသပ်ရန် တိုင်းရင်းသားခေါင်းဆောင်များ ချင်းမိုင်တွင် တွေ့ဆုံနေ

ချင်းမိုင်၊ စက်တင်ဘာ ၁၂ ။           ။ နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ဆွေးနွေးညှိနှိုင်းရေးအလုပ်အဖွဲ့ (CT)တို့ စက်တင်ဘာလ ၁၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို သုံးသပ် ဆွေးနွေးလျှက်ရှိသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအပေါ် ပြန်လည် သုံးသပ်၍ ရှေ့ဆက်လုပ်ဆောင် သွားနိုင် ရေးအတွက် သုံးသပ်ကြမည် ဖြစ်ကြောင်း CT အဖွဲ့မှ ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ မူဘောင်ကိစ္စ အပါအဝင် ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဘယ်လို ဆောင်ရွက်မလဲ။ သုံးသပ်နိုင်မလဲ၊ တဖက်နဲ့ တဖက် ရပ်တည်မှုတွေအပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာတွေကို သုံးသပ် သွားမှာပါ”ဟု ၎င်းက ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရန်အတွက် လာမည့် စက်တင်ဘာလ ၁၄၊ ၁၅ နှင့် ၁၆ ရက်များတွင် အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန်လည်း ညှိနှိုင်းဆွေးနွေးသွားမည်ဟု သိရသည်။

DPN မှ ခေါင်းဆောင်ခူဦးရယ် အပါအဝင် ကိုယ်စားလှယ်များ၊ CT အဖွဲ့၏ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ်များ အားလုံး ၂၀ ဦးခန့် တက်ရောက် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags