ယူအက်စ်အိုပင်း ဆုဖလားကို ဆွစ်ဇာလန် တင်းနစ်သမား ဝေါ်ရင်ကာ ပထမဆုံးအကြိမ် ရရှိ

ယူအက်စ်အိုပင်း ဆုဖလားကို ဆွစ်ဇာလန် တင်းနစ်သမား ဝေါ်ရင်ကာ ပထမဆုံးအကြိမ် ရရှိ
(ဓာတ်ပုံ - အီးပီအေ)

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဆွစ်ဇာလန် တင်းနစ်သမား ဝေါ်ရင်ကာက ကမ္ဘာ့နံပါတ် (၁) ဂျိုကိုဗစ်ကို အနိုင်ရပြီး ပထမဆုံး ယူအက်စ်အိုပင်း ဆုဖလား ရရှိနိုင်ခဲ့သလို သုံးကြိမ်မြောက် ဂရင်းဆလင်းချန်ပီယံဆုလည်းဖြစ်ပါတယ်။

အသက် (၃၁) နှစ်အရွယ် ဝေါ်ရင်ကာက ဆာဗီးယား တင်းနစ်သမား ဂျိုကိုဗစ်ကို ၆-၇ (၁-၇)၊ ၆-၄၊ ၇-၅၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ယူအက်စ်အိုပင်း ဆုဖလားကို ဆွတ်ခူးရယူခဲ့ပါတယ်။ ဝေါရင်ကာဟာ ပြီးခဲ့တဲ့ (၂) နှစ်အတွင်း သြစတြေးလျနှင့် ပြင်သစ်တို့မှာ အနိုင်ရရှိခဲ့ကာ ဂရင်းဆလင်းချန်ပီယံဆု နှစ်ခုကို ရှိခဲ့သူဖြစ်ပါတယ်။

ဂျိုကိုဗစ်က ပွဲအစမှာ မာကျော ပြင်းထန်စွာ ကစားခဲ့ပေမယ့် (၄)နာရီကြာ ကစားခဲ့ချိန်အတွင်းမှာတော့ ကာယပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။

ကမ္ဘာ့အဆင့် နံပါတ် (၃) နေရာမှာ ရပ်တည်နေသူ ဝေါရင်ကာဟာ ဂရင်းဆလင်းဗိုလ်လုပွဲ သုံးကြိမ်အပါအဝင် ဗိုလ်လုပွဲ (၁၁) ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။

"ကျနော့်ရဲ့ ရည်မှန်းချက်က လုပ်နိုင်သလောက်  အကောင်းဆုံးဖြစ်နေဖို့ အာရာအားလုံးကို ပေးဆပ်ဖို့ဖြစ်ပါတယ်။ ဂရင်းဆလင်းဆု ရယူနိုင်ဖို့ ဘယ်တော့မှ ရည်မှန်းချက် မရှိခဲ့ပါဘူး။ ဒါပေမယ့် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဖို့ ကြိုးစားနေပါတယ်။ တစ်ပွဲပြီး တစ်ပွဲ ကျနော် ပိုကောင်းအောင် ကစားခဲ့ပါတယ်"လို့ ဝေါ်ရင်ကာက ပြောပါတယ်။

ဂျိုကိုဗစ်က "ဂုဏ်ယူပါတယ် စတန်နဲ့ အဖွဲ့သားများ။ ဒီနေ့ပွဲမှာ ဒါဟာ သူအတွက် လုံးဝ ထိုက်တန်တဲ့ အနိုင်ဖြစ်ပါတယ်။ သူဟာ ဒီဆုနဲ့ ထိုက်တန်ပါတယ်"လို့ ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာတော့  ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာက ချက်တင်းနစ်မယ် ကာရိုလီနာ ပီလစ်ဆကိုဗာကို အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly