တရုတ်နှင့် ရုရှ တောင်တရုတ်ပင်လယ်၌ ရှစ်ရက်တာ စစ်ရေးလေ့ကျင်မည်

တရုတ်နှင့် ရုရှ တောင်တရုတ်ပင်လယ်၌ ရှစ်ရက်တာ စစ်ရေးလေ့ကျင်မည်

ပေကျင်း၊ စက်တင်ဘာ ၁၀ ။           ။ တရုတ်နိုင်ငံနှင့် ရုရှနိုင်ငံတို့က တရုတ်နိုင်ငံ ကွမ်ကျို့ပြည်နယ်ကမ်းလွန် တောင်တရုတ်ပင်လယ်ပြင်အတွင်း စက်တင်ဘာ ၁၁ ရက်ကစကာ ရှစ်ရက်တာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ရေတပ်က ပြောသည်။

ဇူလိုင်လအတွင်း သည်ဟိတ်တရားရုံးက တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ပိုင်ဆိုင်ကြောင်း သမိုင်းအထောက်အထားမရှိကြောင်း စီရင်ချက်ချပြီးနောက်နှင့် တရုတ်၏ လုပ်ဆောင်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်နေကြောင်း ဝေဖန်မှုများရှိနေစဉ် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်လာခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်အရေးတွင် တရားရုံး၏ ဆုံးဖြတ်ချက်အား တရုတ်က ငြင်းဆန်ထားသည်။

Joint Sea 2016 စစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မရိန်းတပ်ဖွဲ့ဝင်များဖြင့် စစ်ရေးလေ့ကျင့်သွားမည်ဖြစ်ကြောင်း တရုတ်ရေတပ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၀ ရက်က ဖော်ပြထားသည်။

တရုတ်နှင့် ရုရှနှစ်နိုင်ငံအနေဖြင့် ကာကွယ်ရေး၊ လုံခြုံရေးတို့နှင့်အတူ ရေငုပ်သင်္ဘောဖျက်စစ်ဆင်ရေး၊ ကျွန်းသိမ်းတိုက်ပွဲနှင့် အခြားစစ်ရေးလှုပ်ရှားမှုများကို လေ့ကျင့်သွားမည်ဖြစ်ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မရိန်းတပ်သားများက ကျည်စစ်ပစ်ခတ်မှု စစ်ရေးလေ့ကျင့်မှုများ၊ ကျွန်းခံတပ်ပြုလုပ်မှုများနှင့် မြေပြင်ဆင်းသက်မှုများကို နှစ်နိုင်ငံရေတပ်၏ အကြီးဆုံးပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် လုပ်ဆောင်သွားမည်ဟုလည်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly