ထူးထူးခြားခြား အားကစား(ငှက်ကုလားအုတ်စီးပြိုင်ပွဲ)

11 September 2016
ထူးထူးခြားခြား အားကစား(ငှက်ကုလားအုတ်စီးပြိုင်ပွဲ)

ဒီတစ်ပတ်မှာတော့ ငှက်ကုလားအုတ်စီးပြိုင်ပွဲ (အော့စထရစ်ချ် ရေးဆင်း)Ostrich racing ဆိုတဲ့ကစားနည်းအကြောင်းကို ပြောပြပေးချင်ပါတယ်။ ငှက်ကုလားအုတ်တွေကို စီးနင်းပြီး ပြိုင်ပွဲဝင်ကြရတာပါ။ ဒီပြိုင်ပွဲကို အာဖရိက ကစတင်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှာလည်း နှစ်စဉ်ကျင်းပနေပါတယ်။

ငှက်ကုလားအုတ်တွေဟာ မပျံနိုင်ပေမယ့် အပြေးမြန်လွန်းတဲ့ သတ္တဝါတွေဖြစ်ပြီး တစ်နာရီကို ၄၃ မိုင်ထိပြေးနိုင်ပါတယ်။ သူတို့ရဲ့ ဘယ်၊ညာ ခြေလှမ်းတစ်စုံဟာ ၁၆ ပေထိရောက်နိုင်ပါတယ်။

ပြိုင်ပွဲဝင်တွေဟာ ငှက်ကုလားအုတ်တွေရဲ့ကျောပေါ်မှာစီးနင်းထိန်းကျောင်းပြီး ပြိုင်ပွဲပြေးလမ်းဆုံးအောင် ယှဉ်ပြိုင်ကြရပါတယ်။

ငှက်ကုလားအုတ်စီးပြိုင်ပွဲဟာ မြင်းစီးပြိုင်ပွဲလိုပါပဲ။ အကာအကွယ်ဦးထုပ်၊ ကုန်းနှီး၊ ဇက်ကြိုးတွေ ရှိရပါတယ်။ ဒါပေမဲ့ သူတို့ကို ထိန်းကျောင်းစီးနင်းရတာ မြင်းစီးရတာထက်တော့ပိုခက်ပါတယ်။

ဒီပြိုင်ပွဲဟာ တောင်အာဖရိကနိုင်ငံရဲ့ ခေတ်သစ်ယဉ်ကျေးမှုတစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန်မှာတော့ ဖလော်ရီဒါမှာ ငှက်ကုလားအုတ်မွေးမြူရေးလုပ်ငန်းကို ၁၈၉၂ မှာစတင်ခဲ့ပါတယ်။ ပြိုင်ပွဲကတော့ ဖလော်ရီဒါသမိုင်းမှာ ရှေးကျတဲ့ဆွဲဆောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ငှက်ကုလားအုတ်စီးတဲ့အခါ ကျောပေါ်ကနေတိုက်ရိုက်စီးရတဲ့ပြိုင်ပွဲရှိသလို ဘီးတပ်လှည်းကလေးစီးပြီး ပြိုင်ရတဲ့ပြိုင်ပွဲလည်း ရှိပါတယ်။ ကျောပေါ်ကနေတိုက်ရိုက်စီးနင်းတဲ့အခါ   အခန့်မသင့်ရင်တော့ ပြုတ်ကျပြီး ကိုယ်စီးတဲ့ ငှက်ကုလားအုတ်က ကိုယ့်ပြန်နင်းတဲ့ အဖြစ်နဲ့လည်း ရင်ဆိုင်ရမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly