အမုန်းတရားကြောင့် အကြမ်းဖက်မှုများ ပပျောက်စေရေး My Friend Campaign စတင်

အမုန်းတရားကြောင့် အကြမ်းဖက်မှုများ ပပျောက်စေရေး My Friend Campaign စတင်

ရန်ကုန်၊ ဇူလိုင် ၁၃ ။      ။ လူမျိုး၊ ဘာသာအပေါ် အခြေခံသည့် အမုန်းတရားမှ စတင်သည့် အကြမ်းဖက်မှုများ ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် တက်ကြွလှုပ်ရှားသူ မြန်မာလူငယ်များက My Friend Campaign လှုပ်ရှားမှုကို စတင်လိုက်သည်ဟု ယင်းလှုပ်ရှားမှုကို ဦးဆောင်သူ မဝေဝေနုက ဇူလိုင် ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

မဝေဝေနုက "မတူကွဲပြားတဲ့  လူမျိုးအချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေသွားနိုင်အောင်၊ သူငယ်ချင်းဆိုတာက လူမျိုးမတူ၊ ဘာသာ မတူတာတွေလည်း ဖြစ်နိုင်တယ်။ အဲဒီ အနှစ်သာရကို ဖော်ပြဖို့နဲ့မတူကွဲပြားမှုတွေကို အန္တရာယ်လို့မမြင်ပဲ အားသာချက် အဖြစ် မြင်လာအောင်၊ အတူနေထိုင်သွားလို့ ရတယ်ဆိုတာ သိအောင်ပါ"ဟု ၎င်းက ဆိုသည်။

My Friend Campaign ကို ယခုအချိန်တွင် စတင်လှုပ်ရှားနေပြီး နိုင်ငံတကာ မိတ်ဆွေများနေ့  (International Friendship Day) ဇူလိုင် ၃၀ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ မိတ်ဆက်ပွဲ လုပ်မည်ဖြစ်သည်။

ယင်းကမ်ပိန်းကို စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်နိုင်ပြီး ပါဝင်ဆင်နွဲရာ၌ ကိုယ်နှင့်ဘာသာမတူသည့် သူငယ်ချင်းနှင့်  ဓာတ်ပုံရိုက်၍   မိမိပေးချင်သည့်  message ကို ရေးသားရမည် ဖြစ်သည်။ ယင်းအပြင် ၎င်းသူငယ်ချင်းပေါ်ထားသည့် ထင်မြင်ယူဆချက်များ၊ သူငယ်ချင်းနှင့် ပတ်သက်သည့် တန်ဖိုးထားမှုများကိုလည်း ရေးသား၍ မိမိကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာနှင့် My Friend Campaign   လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံများတင်ပေးရမည် ဖြစ်သည်။

ယင်းစာမျက်နှာတွင် တစ်ပတ်အတွင်း ဓာတ်ပုံတင်သူများထဲမှ like အများဆုံးရသည့် ဓာတ်ပုံဆုရှင် သုံးဦးကို ရွေးချယ်၍ အပတ်စဉ်အလိုက်  တစ်သောင်းတန် ဖုန်းငွေဖြည့်ကတ် တစ်ကတ်ပေးမည်ဖြစ်သည်။ ထို့အပြင် နှစ်ကုန်ပိုင်းတွင်လည်း အကောင်းဆုံးဆုကို ထပ်မံရွေးချယ် သွားမည် ဖြစ်သည်။

အဆိုပါ ကမ်ပန်းကို ပြုလုပ်ရခြင်းမှာ လူငယ်များ အနေဖြင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုများ မဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု မဝေဝေနုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly