ခြစားမှု စုံစမ်းစစ်ဆေးစဉ်အတွင်း ရိုမေးနီးယားဝန်ကြီးချုပ် ပါတီခေါင်းဆောင်အဖြစ်မှ ဆင်းပေး

ခြစားမှု စုံစမ်းစစ်ဆေးစဉ်အတွင်း ရိုမေးနီးယားဝန်ကြီးချုပ် ပါတီခေါင်းဆောင်အဖြစ်မှ ဆင်းပေး

ဘူခါရက်စ်၊ ဇူလိုင်-၁၃ ။      ။ အစိုးရခေါင်းဆောင်အဖြစ်မှ ဆင်းပေးရန် တောင်းဆိုမှုများကို ဖြစ်ပေါ်လာစေခဲ့သည့် အဂတိလိုက် စားမှုစွဲချက်များကို ရင်ဆိုင်နေရသောကြောင့် ရိုမေးနီးယားဝန်ကြီးချုပ် ဗစ်တာပွန်တာမှာ ဇူလိုင်လ ၁၂ရက်နေ့က ဆိုရှယ်ဒီမိုက ရတ်ပါတီ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ရသည်။

ပွန်တာမှာ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုများဖြင့် ယမန်လကတည်းက စုံစမ်းစစ်ဆေးမှု ခံနေရသော်လည်း သူ၏ ဝန်ကြီးချုပ် တာဝန်မှာ ရိုမေးနီးယန်းပြည်သူ သန်းပေါင်းများစွာနှင့် သက်ဆိုင်သည်ဟု ဆိုကာ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ရန် ကိုမူငြင်းဆို ခဲ့သည်။

‘ဒီအခြေအနေက ဆိုရှယ်ဒီမိုကရတ်ပါတီကို ရိုက်ခတ်မှုမရှိအောင် ကျွန်တော် အပြစ်ကင်းကြောင်း သက်သေမပြနိုင်သေးမီအထိ ကျွန်တော့်ရဲ့ ပါတီခေါင်းဆောင်အခန်းကဏ္ဍကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်’’ဟု ပွန်တာ လူမှုကွန်ရက်ကြီးဖေ့စ်ဘုတ်ပေါ် တွင် ရေးသားခဲ့သည်။ ပွန်တာမှာ ဒူးခေါင်းခွဲစိတ်ရန်အတွက် တူရကီတွင် တစ်လကြာနေထိုင်ပြီးနောက်တွင် ဇူလိုင်လ ၉ ရက်နေ့ ကအလုပ်ပြန် ဝင်နိုင်ခဲ့ပြီဖြစ်သည်။

ပွန်တာမှာ သူဝန်ကြီးချုုပ်ဖြစ်မလာမီ ၂၀၀၇ မှ ၂၀၁၁ ခုနှစ်အတွင်း လိမ်လည်မှု၊ အခွန်ရှောင်မှုနှင့် ငွေကြေးခဝါချမှုများအတွက် စုံစမ်းစစ်ဆေးခံနေရစဉ် ရက်သတ္တ တစ်ပတ်ကျော် အကြာတွင် နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။

ပွန်တာမှာ ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ကိုယ်ကျိုးရှာခဲ့သည်ဟုလည်း အစိုးရရှေ့နေများက သံသယဝင်နေသည်။ သို့ရာတွင် ပွန်တာ၏ပါတီက အများစုနေရာယူထားရာ ပါလီမန်က ယမန်လက ပွန်တာ၏  တရားစွဲဆိုမှုကင်းလွတ်ခွင့်ကို ဖယ်ရှားပေးရန်ငြင်း ဆန်ခဲ့သောကြောင့် စုံစမ်းစစ်ဆေးရန် အတားအဆီးဖြစ်နေခဲ့သည်ဟု ဆိုသည်။

ဗဟိုလက်ဝဲ ဝန်ကြီးချုပ်၏ အမှုက ဥရောပသမဂ္ဂ၏ ဒုတိယမြောက်အဆင်းရဲဆုံးနိုင်ငံတွင် အကျပ်အတည်း အသစ်တစ်ခု ကို ဖြစ်ပေါ်စေခဲ့ရာတွင် သမ္မတ ကလောက် အိုင်အိုဟန်းနစ်နှင့် အတိုက်အခံများက ပွန်တာကို ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြသည်။ ပွန်တာကမူ စွပ်စွဲချက်များကို အခိုင်အမာ ငြင်းဆိုခဲ့ပြီး၊ အစိုးရရှေ့နေများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ကတိပြုထားသည်။

ငွေကြေးခဝါချမှုနှင့် အခွန်ရှောင်မှု စွပ်စွဲချက်များမှာ ရှေ့နေတစ်ယောက်အနေနှင့် ပွန်တာ၏ လုပ်ငန်းများနှင့် ဆပ်စပ်နေသည်။

ပွန်တာမှာ နိုင်ငံရေးမဟာမိတ်နှင့် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒန်ဆိုဗာထံမှ ကန်ဒေါ်လာ ၆၁၀၀၀ လက်ခံရယူခဲ့သည်ဟု စွပ်စွဲခံထားရရာ၊ ဒန်ဆိုဗာမှာလည်း အစိုးရရှေ့နေများက အာဏာအလွဲသုံးစားလုပ်သည်ဟု သံသယရှိခံရသူဖြစ်ပြီး၊ ကင်းလွတ် ခွင့်လည်း ခံစားနေရသူပင်ဖြစ်သည်။

ဤစုံစမ်းစစ်ဆေးမှုမှာ မကြာသေးမီလများအတွင်း အထင်ကရ ရိုမေးနီးယန်းများစွာကို အလုပ်ပြုတ်သွားစေခဲ့သည့် ခြစားမှု တိုက်ဖျက်ရေး ဌာနက ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှုတစ်သီတစ်တန်းကြီးအနက် လတ်တလောအကျဆုံး တစ်ခုပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly