မသန်စွမ်းများ မဲပေးပြီးနောက် ကြံုတွေ့ရသည့် အခြေအနေများကို ရွေးကောက်ပွဲနေ့တွင် စစ်တမ်းကောက်မည်

မသန်စွမ်းများ မဲပေးပြီးနောက် ကြံုတွေ့ရသည့် အခြေအနေများကို ရွေးကောက်ပွဲနေ့တွင် စစ်တမ်းကောက်မည်
မသန်စွမ်းအနုပညာပွဲတော် အကြိုအထိမ်းအမှတအဖြစ်    မသန်စွမ်း သူများက ရန်ကုန်မှ မန္တလေးအထိ ဘီးတပ်ကုလားထိုင်ဖြင့် သွားရောက်ကြသည်ကို နိုဝင်ဘာလ ၁၆ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင် ၁၃ ။    ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနေ့တွင် မဲပေးပြီး မဲရုံကထွက်ရှိလာသည့် မသန်စွမ်းများအား မဲပေးရာ တွင် ကြုံတွေ့ရသည့် အခြေအနေများ ကိုမေးမြန်း၍စစ်တမ်းကောက်ယူသွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်း သူများရှေ့ဆောင် အဖွဲ့ ဦးဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက မဇ္ဈိမကိုပြောသည်။

ယင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ မဲရုံများတွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး မဲပေးရာတွင် ကြုံတွေ့ ရသည့် အခြေအနေများ၊ အခက်အခဲများကို မေးမြန်းသွားမည်ဖြစ်သည်။

ဦးနေလင်းစိုးက “မေးခွန်းတွေပြုလုပ်ပြီး  မဲရုံအချို့မှာ သွားပြီးစောင့်ကြည့်မယ်။ မသန်စွမ်းတွေ မဲပေးရာမှာ ဘယ်လိုကြုံတွေ့ ရလဲ မေးမယ်။ မဲရုံကဝန်ထမ်းတွေ ဘယ်လိုတွေဆက်ဆံလည်း ဘယ်လိုတွေကူညီလည်း အခြားသော အခြေအနေတွေက ဘယ်လိုရှိလည်း မေးခွန်းဖောင်တွေလုပ်ထားမယ်။ ပြီးရင် ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်တင်ပြမယ် ”ဟုပြောသည်။

မဲရုံတွင် မဲပေးသည့်အချိန်၌   မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ က မသန်စွမ်းများ၏ အခွင့်အရေး ကိုစောင့်ကြည့်လေ့လာသွားမည်ဟုလည်း ၎င်းက ဆိုသည်။  

မသန်စွမ်းများ မဲပေးရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် ပတ်သက်ပြီး မသန်စွမ်းသူများ ဘ၀ မြင့်တင်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ကိုမြင့်နိုင်ကျော်က “  မသန်စွမ်းတွေမဲပေးရာမှာ သွားလာရေး အခက် အခဲရှိပါတယ်။  မသန်စွမ်းအမျိုးအစား အလိုက် ကြုံတွေ့ရတဲ့အခက်အခဲတွေကတော့ မတူဘူးလေ ”ဟုပြောသည်။

လက်ရှိအချိန်တွင်  ရွေးကောက်ပွဲကော်မရှင်နှင့် မသန်စွမ်း အဖွဲ့များ တွေ့ဆုံပြီးနောက် ရွေးကောက်ပွဲ ကာလအတွင်း မသန်စွမ်း သူများ မဲထည့်ရာတွင် အဆင်ပြေလွယ်ကူစေရန်  ဆောင်ရွက်ပေးမည်ဖြစ် ပြီးရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးရာတွင်လည်း  မသန်စွမ်းသူများ ရွေးကောက်ပွဲဆိုင်ရာ အချက် အလက်များရရှိစေရန် ဆောင်ရွက်ပေးမည် ဟူသော ကတိကဝတ် ရရှိပြီးဖြစ်သည် ဟုလည်း ဦးနေလင်းစိုးကဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များများနှင့်  မဲပေးလုပ်ငန်းစဉ်ဆိုင်ရာအသိပညာ ဗဟုသုတများ ကိုပြန်လည်မျှဝေပေးနိုင် မည့် ဆရာဖြစ်သင်တန်း(TOT) ကို  မသန်စွမ်းသူများအား  ဇူလိုင်လ ၂၇ ရက်မှ ၂၉ ရက်အထိ သင်ကြားပေး မည်ဖြစ်သည် ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ကသိရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈  ရက်တွင်ပြုလုပ်မည်ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဇူလိုင် ၈ ရက်တွင် တရားဝင် ကြေညာပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly