“ကိုဖီအာနန်ရဲ့ အကြံပြုချက်ထဲမှာ အမျိုးသားရေးကို ထိပါးမယ့် အချုပ်အခြာကို ထိပါးမယ့်ဟာ ပါလာရင် ကျွန်တော်တို့ ဒီလိုနေမှာမဟုတ်ပါဘူး” ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်နှင့် တွေ့ဆုံခြင်း

“ကိုဖီအာနန်ရဲ့ အကြံပြုချက်ထဲမှာ အမျိုးသားရေးကို ထိပါးမယ့် အချုပ်အခြာကို ထိပါးမယ့်ဟာ ပါလာရင် ကျွန်တော်တို့ ဒီလိုနေမှာမဟုတ်ပါဘူး” ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်နှင့် တွေ့ဆုံခြင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဖွဲ့ပြီးသည့် အဆိုပါ ကော်မရှင်နှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာချိန်၊ ကော်မရှင်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဆန္ဒပြမှု ကြုံတွေ့ခဲ့ရရသည်။ ထို့အပြင် လွှတ်တော်အတွင်း ကော်မရှင်နှင့် ပတ်သက်ပြီး ဆွေးနွေးမှု ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ကော်မရှင်ရဲ့ ရပ်တည်ချက်နှင့် အခန်းကဏ္ဍကို ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအေးလွင်နှင့် မဇ္ဈိမက တွေ့ဆုံမေးမြန်းထားသည်။

မေး။           ။ ရခိုင်ပြည်နယ်သွားခဲ့တဲ့အချိန်မှာ တွေ့ခဲ့ရတဲ့  အခြေအနေကို ဘယ်လိုရှိလဲ။

ဖြေ။              ။ ကျွန်တော်ရောက်တာတော့ ကော်မရှင်ကို တရားဝင်မကြေညာခင်မှာ ကျွန်တော် နှစ်ရက် ရောက်ပါတယ်။ ကော်မရှင်ကို စပြီးဖွဲ့ပြီးတဲ့နောက်မှာလည်း နှစ်ရက်ရောက်ပါတယ်။ အဲ့တော့ လေ့လာရတဲ့အချိန်က တော်တော်နည်းတယ်။ နည်းတဲ့အတွက်ကြောင့်မို့လို့ ယေဘုယျအားဖြင့်တော့ ကျွန်တော် တွေ့ခဲ့ရတာပေါ့လေ။ ဘာတွေ့ခဲ့ရလဲဆိုရင် လက်တလောမှာတော့ ရုပ်ပိုင်းဆိုင်ရာ ပဋိပက္ခ မရှိဘူး။ အဲ့တော့ တစ်စုံတရာ တည်ငြိမ်နေတယ်လို့ ကျွန်တော် သတ်မှတ်လို့ရတယ်။ အဲ့ဒါအပြင်ကို တစ်ချို့ ဆိုလို့ရှိရင် ပြန်လည်ပြီးတော့ ကူးလူးဆက်ဆံမှုလေးတွေ လုပ်ချင်တဲ့ ဆန္ဒလေးတွေ တစ်ချို့လူတွေက ပြန်လုပ်နေတယ် ဆိုတဲ့ သတင်းလေးတွေတောင် ကြားရတယ်။

ဘာကြောင့်လဲဆိုတော့ ဒီ IDP Camp ထဲက မွတ်စလင်တွေနဲ့ ကျွန်တော်တို့ တွေ့တဲ့အခါမှာ ရခိုင် အမျိုးသားများဟာ သူတို့ထဲမှာလာပြီးတော့ ကုန်သွယ်မှုတွေ လာလုပ်တယ်ပေါ့။ တစ်ချို့ဆို ဆိုင်တွေ ဘာတွေတောင် ဖွင့်ထားတယ်။ အဲ့တော့ ဒီ Camp ထဲကိုလည်း ရခိုင်အမျိုးသားတွေ သွားလာတဲ့ အခါမှာပေါ့လေ သတင်းက ကြားတဲ့အခါမှာ ကျွန်တော်တို့က မေးတာကိုး။ ရဲအဖွဲ့တောင် ပေးမဝင်ဘူး ပြောတယ် ခင်ဗျားတို့က ဘယ်လိုဖြစ်တာတုန်းဆိုတော့ ဟာမဟုတ်ပါဘူး အချိန်မရွေး လာပါ ကျွန်တော်တို့ထဲမှာ ရခိုင်အမျိုးသားတွေ ဆိုင်တွေဘာတွေတောင် ဖွင့်ထားတာ ရှိပါတယ်။ ဆိုင်တွေ ဘာတွေပိတ်သိမ်းပြီးလို့ရှိရင် ညဘက်မိုးချုပ်သွားတောင် တစ်ယောက်ထဲ နှစ်ယောက်ထဲ ပြန်တာရှိပါတယ်ပေါ့လေ။ ဒါ သူတို့ဆီက ကြားရတဲ့သတင်း ကျွန်တော်ကတော့ လေးရက်ထဲဆိုတော့ ဒီသတင်းလေးတွေပဲတွေ့ရတယ်။ မြို့တွေဘာတွေပတ် လျှောက်ကြည့်တော့လဲ အခုနပြောသလို ပေါ့လေ တင်းမာမှုနဲ့ ပဋိပက္ခပုံစံလားဆိုတာကို အပေါ်ယံကြီးမှာတော့ မတွေ့ရဘူး။

မေး။           ။ ဒီရခိုင်အရေးကိစ္စဟာ ပြည်တွင်းရေးသက်သက်ပဲဖြစ်တယ်။ နိုင်ငံတကာအရေး မဟုတ်ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ရှိတယ်ပေါ့။ အဲ့ဒီအပေါ် ဘယ်လိုမျိုးဖြေရှင်းချင်လဲ။

ဖြေ။              ။ ဒါ စိုးရိမ်စိတ်ကတော့ ရှိမှာပဲ။ ဘာကြောင့် စိုးရိမ်စိတ်ရှိတာလဲ။ ဒါကိုပဲကျွန်တော်တို့ သိချင်လို့ သွားတာပေါ့လေ။ အရင်အတွေ့အကြုံတွေကြောင့်။ ရခိုင်တိုင်းရင်းသားများအနေနဲ့ အရင့်အရင် နိုင်ငံခြား အဖွဲ့အစည်းများ လာတဲ့အခါမှာ အကူအညီပေးတာနဲ့ ပတ်သက်ပြီးတော့ ခံစားချက် ကလေးတွေရှိတယ်။ ဟိုနိုင်ငံခြားအဖွဲ့အစည်းတွေကလဲ ဘယ်လိုလဲဆိုတော့ သူတို့က ဒုက္ခသည်ကို ကူညီဖို့ဆိုတဲ့ လုပ်ပိုင်ခွင့်ကလေးနဲ့ လာတယ်။ အဲ့တော့ ဒုက္ခသည်လို မဟုတ်တဲ့ သူများအပေါ်မှာ ကူညီဖို့အတွက် ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ မျက်မြင် အနေအထားမှာတော့ဖြင့် တစ်ဖက်ကို အင်နဲ့အားနဲ့ ကူညီနေတာ တွေ့ရတယ်။ တစ်ဖက်ကိုတော့ ဘာမှ ကူမရတဲ့ အနေအထားမှာတွေ့နေရတယ်။

အဲ့ဒီအပေါ်မှာ နိုင်ငံခြားသားဆိုရင်ကို ရခိုင်အမျိုးသားများက သံသယဖြစ်နေကြတယ်။ ဒါ သဘာဝကျတယ်။ ဒါကို အမှားတစ်ခုအနေနဲ့ ကျွန်တော်တို့ မြင်လို့မရဘူး။ အရေးကြီးတဲ့ အချက်တစ်ခုအနေနဲ့ ကျွန်တော်တို့ ထည့်တွက်ရမယ်။ ဒါကိုပြေပျောက်ဖို့ ဘယ်လိုလုပ်ရမလဲ။ အဲ့တော့ သူတို့ ကန့်ကွက်ရခြင်း၏ အဓိကဟာ အဲ့ဒါပဲ။ UN ဆိုတဲ့ စကားကြားလိုက်ရတာနဲ့ သူတို့အနေနဲ့က တုန်လှုပ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ UN ဟာ အကြိမ်ကြိမ် ကမ္ဘာ့ ညီလာခံကြီးတွေမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ တင်ပြတဲ့အခါမှာ ရခိုင်အမျိုးသားတွေဘက်က သိပ်ပြီးတော့ အားသာတဲ့ အချက်တွေက မရှိခဲ့ဘူး။ အဲ့တော့ သမာသမတ်မှ ဖြစ်ပါ့မလား။

တစ်ခါလာပြန်ပြီလား တို့ကိုများ အင်နဲ့အားနဲ့ လုပ်တော့မှာလားလို့ဆိုပြီးတော့ စိုးရိမ်တဲ့အပေါ်မှာ ဟိုဘက်ကို အားသာနေတဲ့ နိုင်ငံခြားသားတွေက နိုင်ငံခြားရဲ့ အရေးအခင်းတစ်ခုပမာ လုပ်လိုက်ပြီးဆိုရင်တော့ တို့ဘက်က နစ်နာချက်တွေပဲ ဖြစ်တော့မှာပဲလို့ ဒါသူတို့ရင်ထဲမှာရှိနေတာ ကျွန်တော်တို့သိဖို့လိုတယ်။ ဒါမှသာ ဒါကို ပြေပျောက်အောင် လုပ်ရမယ်။ အဲ့တော့ ဟိုဘက်ကလူတွေကလည်း ဒီလိုစိုးရိမ်စိတ်ရှိတယ်ဆိုတာ သိပြီးဆိုရင် သူတို့လုပ်ငန်းတွေမှာ ဆင်ခြင်ရတော့မှာလေး ရှိတယ် ဒါ တစ်အချက်ပေါ့လေ။

နှစ် အချက် International Issue ဖြစ်လာပြီလား၊ ဖြစ်လာပြီ။ ဒါအင်မတန် သိသာထင်ရှားပါတယ်။ ရခိုင်အမျိုးသားရေးများသည်ပင် ဒါကိုသိကြပါတယ်။ သိကြတယ်ဆိုတာ ဘာကြောင့်လဲဆိုတော့ ဖြစ်ကတည်းကိုက တစ်ဖက်နိုင်ငံက လာသောသူများဆိုတဲ့ ကိစ္စရပ်များ ပါတယ်လေ။ အဲ့တော့ ကိုယ့်နိုင်ငံ တစ်ခုတည်းမဟုတ်တော့ဘူး။ နောက်တစ်ခါ တစ်ဖက်နိုင်ငံက လာတဲ့သူတွေလို့ပြောတဲ့ အခါမှာလဲပဲ နှစ်နိုင်ငံ ပတ်သက်သွားသလို ဒီနိုင်ငံက ဒုက္ခသည်များဆိုတဲ့ ပုဂ္ဂိုလ်များကလည်း regional ထဲက မဟုတ်ဘူး။ regional ထဲက ဆိုတာ ထိုင်းလိုနေရာ မလေးရှားလိုနေရာ အင်ဒိုနီရှားလိုနေရာ ဒါ ဒေသဆိုင်ရာမဟုတ်တော့ပဲနဲ့ ဟိုး အမေရိကား အင်္ဂလန် သြစတေးလျ ဂျပန်အထိ ရောက်နေတယ်။

အဲ့တော့ ဒီ Refugee တွေက ပြောရင် ဘာလဲ ကျွန်တော်တို့ ရခိုင်က ။ အဲ့တော့ ဘာဖြစ်လို့လဲဆိုရင် အပြည်ပြည်ဆိုင်ရာကို ပျံ့နှံ့နေတဲ့ကိစ္စဖြစ်တဲ့အတွက် ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ဖြေရှင်းတဲ့အခါမှာ ကိုယ့်နိုင်ငံအတွင်းကပဲဆိုတဲ့ ရှုမြင်သုံးသပ်ပြီးဖြေရှင်းမယ်ဆိုရင် အောင်မြင်မှုရဖို့အင်မတန်နည်းတယ်။ နည်းတဲ့အတွက်ကြောင့်  လက်တွေ့မှာကလည်းပဲ ကျွန်တော်တို့ ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကြီး မှာလည်းပဲ အကြိမ်ကြိမ် အဆိုတွေတင်တယ်။ နောက်ပြီးတော့ ကမ္ဘာ့ကုလသမဂ္ဂမှာ လူ့အခွင့်အရေးဆိုတဲ့ ဆပ်ကော်မတီမှာလည်း အကြိမ်ကြိမ်တင်ခဲ့တယ်။ နောက်ဆုံး ကျွန်တော် သိရသလောက်တော့ လုံခြုံရေးကောင်စီအထိ တင်ခဲ့တဲ့ဟာတွေ ရှိတယ်။ ဒီထက်ပိုပြီးလုပ်ဖို့ဟာတွေ ရှိတယ် ဒါကတော့ ကုလအဖွဲ့အစည်းအနေနဲ့ပေါ့။

နောက်သီးခြားလွတ်လပ်သော လူအခွင့်အရေးအဖွဲ့ဆိုတာလည်း ရှိသေးတယ်။ အဲ့လိုအဖွဲ့အစည်း တွေကလည်း အစီရင်ခံစာတွေအများကြီးထုတ်တယ်။အဲ့တော့ အနေအထားမျိုးကို ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာ အခင်းအကျင်းနဲ့ ချဲ့ပြီးတော့ မကြည့်ဘူးဆိုရင် ကိုယ်ရဲ့အခြေအနေမှန်ဟာ ဘယ်လိုမှ ကမ္ဘာကိုတင်ပြလို့ရမှာလည်း မဟုတ်ဘူး။ ဖြေရှင်းလို့ ရမှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ အချင်းချင်း ဖြေရှင်းလို့ ပြီးသွားပြီဆိုတဲ့ အနေအထားမျိုးက သက်ဆိုင်ရာ Stakeholder တွေထဲမှာ ဟိုနိုင်ငံတွေက ပါနေတာ။ဘယ်နိုင်ငံတွေလဲ ဆိုတော့ Refugee ဆိုပြီး ထွက်လာတဲ့လူတွေကို လက်ခံထားတဲ့ နိုင်ငံတွေက။ အဲ့တော့ ဒီကိစ္စဟာ အပြည်ပြည်ဆိုင်ရာ ဖြစ်နေတာ နှစ်ပေါင်း ကြာနေပြီ။

အဲ့တော့ အပြည်ပြည်ဆိုင်ရာအနေနဲ့ပဲ ရှုမြင်သုံးသပ်ပြီးတော့ ကျွန်တော်တို့ ဖြေရှင်းရမယ်။ ဒီလိုပြောတဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ အရည်အချင်းပြည့်မှီတဲ့ လူတွေ မရှိဘူးပြောတာ မဟုတ်ဘူး။ ရှိတယ် ရှိပေမယ့်လည်း မှန်ကန်စွာဖြေရှင်းတဲ့အခါမှာ ဖြေရှင်းနည်း အတွေ့အကြုံလေးတွေ ရှိတဲ့သူတွေရဲ့ Expert Opinion လို့ခေါ်တယ် ကျွမ်းကျင်သူများရဲ့ အကြံဉာဏ်ပေးမှုများ။ ဒါဟာ တို့ဆီမှာ ကျွမ်းကျင်သူမရှိလို့ ပြဿနာကို မဖြေရှင်းနိုင်လို့ မဟုတ်ဘူး။ ပိုပြီးတော့ ကောင်းအောင် အကြံဉာဏ်တွေယူတာ သို့သော် ကျွန်တော်တို့ ကော်မရှင်သည် ကျွန်တော်တို့ ဥက္ကဌပြောသွားသလို   မြန်မာကော်မရှင်၊ မြန်မာအစိုးရက ဖွဲ့ပေးထားတဲ့ မြန်မာကော်မရှင် သူအလုပ်သည် အချက်အလက်များစုဆောင်း၍ တွေ့ရှိချက်များကို အကြံပြုမှာ တကယ်လက်တွေ့ အကောင် အထည်ဖော်ရမှာ   မြန်မာအစိုးရ။ အဲ့တော့ဖွင့်ပွဲမှာ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံက ဘာပြောသွားလဲဆိုတော့ မြန်မာပြည်သူများကနော်တဲ့ ။ ကျွန်မတို့ အစိုးရလည်းမဟုတ်ဘူး။ကျွန်မတို့ ပါတီလည်း မဟုတ်ဘူး။ မြန်မာပြည်သူက မြန်မာကြမ္မာကို ဖန်တီးမှာ။ ကျွန်တော်တို့က အဲ့ဒီ မြန်မာ့ကြမ္မာကို မြန်မာပြည်သူများ ဖန်တီးနိုင်ရန်အတွက် လိုအပ်မယ့်အချက်အလက်ကို သုတေသနပြု အကြံပေးတယ်ဆိုတဲ့ အဆင့်လေးပဲ ဖြစ်တဲ့အတွက်ကြောင့် အပြည်ပြည်ဆိုင်ရာရဲ့ စွက်ဖက်မှုမဟုတ် ဖြစ်နေတာတော့ အပြည်ပြည်ဆိုင်ရာ အရေးအခင်းကြီးဖြစ်လိမ့်မယ်။

မေး။           ။ ဦးဇော်ဌေးကလည်း ပြောထားတာရှိတယ်ပေါ့။ ဆရာပြောသလိုမျိုးပဲ ကော်မရှင်က အကြံပေးတာကို အစိုးရက အကောင်အထည်ဖော်မယ်၊ အကောင်အထည်ဖော် ချင်မှလည်းဖော်မယ်ပေါ့၊ အဲဒီတော့ ဒီအကြံပေးကော်မရှင်ရဲ့ အခန်းကဏ္ဍက အလကားသက်သက်ဖြစ်မသွားဘူးလား

ဖြေ။              ။ မဖြစ်ပါဘူး။ ကျွန်တော်တို့အလုပ်ကိုက အချက်အလက်စုဆောင်းဖို့ပဲလေ။ အချက်အလက် စုပြီးတင်ပြ ဒါဆို ကျွန်တော်တို့ တာဝန်ကျေသွားပြီ။ လက်တွေ့လုပ်ဖို့အတွက်က အစိုးရကလည်း စနစ်တကျလုပ်ရမှာ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဆိုတာကို အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဌအဖြစ် ထားပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်း စသဖြင့် ဆပ်ကော်မတီတွေ ဖွဲ့လိုက်တဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးတွေလည်း ရှိတယ်။ တစ်ခါတည်း ဒါပြည်တွင်းက သက်ဆိုင်ရာကျွမ်းကျင်သူများနဲ့ သက်ဆိုင်သူအားလုံးက ရှိနေတယ်။ ကျွန်တော်တို့ တွေ့ရှိတဲ့ အကြံဉာဏ်တွေကို သူတို့က သုံးသပ်မယ်၊ စိစစ်မယ်၊ အဲ့ဒီမှာ အချုပ်အခြာအာဏာကို ထိပါးမှုတို့ အမျိုးသားရေးကို ကျော်လွှားမှုတို့ဆိုတာလုံး၀ မရှိစေဘူး။ Law Materials ဆိုတာ ရှိတယ်လေ။ ကုန်ကြမ်းများကိုယူမယ် ကုန်ချောအဖြစ်ပြုမှာက ဘယ်သူလဲ ကျွန်တော်တို့ နိုင်ငံသားတွေဖြစ်တဲ့ ပြည်ထောင်စု ဝန်ကြီးများက ပြုမှာလေ။ ဆိုတော့ ဒီကိစ္စက ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက အလကားသက်သက်ဆိုတာတော့ မဖြစ်ဘူး။ ကျွန်တော်တို့က အကြံပြုရုံ သက်သက်ပဲ။

မေး။           ။ ကော်မရှင်ရဲ့ အကြံပြုချက်ကို တစ်နှစ်အတွင်းပေးရမယ်လို့ ပြောထားတာရှိတာပေါ့။ အဲ့ဒီအတွက် ကော်မရှင်ရဲ့ လုပ်ဆောင်မှုဟာ အချိန်လုံလောက်မှု ရှိရဲ့လား

ဖြေ။              ။ အရင့်အရင်ကော်မရှင်တွေတုန်းကလည်း ဒီလိုပဲ အချိန်တိုအတွင်းမှာ လုပ်ရတယ်။ အဲ့တော့ ကျွန်တော်တို့ရဲ့ ဥက္ကဌက ဘာပြောလဲဆိုလို့ရှိရင် ကျွန်တော်တို့ကို အလောသုံးဆယ်လည်း မလုပ်နဲ့။ အချိန်လည်းဆွဲမထားဘူး။ သို့သော် အခုနက မေးခွန်းမေးထားသလို အချိန်လိုအပ်ပြီးဆိုရင် ကျွန်တော်တို့ Extending တောင်းသင့်လည်း တောင်းမှာပေါ့။ ဒါက မြေပြင်ကိုဆင်းလိုက်တဲ့အခါမှာ ကျွန်တော်တို့ သိရမှာပေါ့။ အချိန်လုံလောက်မလား မလုံလောက်ဘူးဆိုရင် extending တောင်းမှာပဲ။ အဲ့လို Limit အပြီးအပိုင် ကန့်သတ်ထားတဲ့ သံမဏိ စည်းကမ်း မရှိပါဘူး။

မေး။           ။ ကော်မရှင်ကို ရခိုင်အင်အားကြီးပါတီဖြစ်တဲ့ ANP( ရခိုင်အမျိုးသား) ပါတီက မထောက်ခံဘူး ဆိုတော့ အကျိုးဆက်က ဘာဖြစ်လာနိုင်မလဲ

ဖြေ။              ။ အများကြီး ဆိုးသွားတာပေါ့။ ဒါကို ကျွန်တော်တို့ သဘောပေါက်တယ်။ ဒီကော်မရှင်ကို မဖွဲ့စည်းခင်ကတည်းကိုက ပြီးခဲ့တဲ့လ သြဂုတ်လ ၁၅၊ ၁၆၊ ၁၇ မှာ ကျွန်တော်တို့ ဖွဲ့စည်းမယ်ဆိုတဲ့ အကြောင်းကို ရခိုင်ပြည်သူများကို သွားပြောခဲ့ပါတယ်။ အဲ့ဒီအခါမှာ ဘယ်သူတွေ ပါလဲဆိုတော့ နယ်စပ်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ပါပါတယ်။ သူက ခေါင်းဆောင်ပါ ပြီးတဲ့အခါကျတော့ ရခိုင်ရေးရာ မျိုးချစ်ဆရာမကြီး ဒေါ်စောခင်တင့် ပါပါတယ်။ ရခိုင်အမျိုးသား ဆရာကြီး ဦးဝင်းမြ အငြိမ်းစားသံအမတ်ကြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဌ ပါပါတယ် အဲ့ဒီလို ရခိုင်ပြည်သူတွေကို သွားပြောတယ်။ ဘယ်တွေကိုရောက်လဲဆိုတော့ စစ်တွေလည်းရောက်တယ်။

စစ်တွေကနေ ကျောက်တော် ၊ မြောက်ဦးသွားပါတယ်။ ပြီးတဲ့အခါမှာ ကျွန်တော်တို့ သံတွဲကို သွားပါတယ်။ သံတွဲမဝင်ခင် တောင်ကုတ်သွားတယ်။ ဘယ်သူတွေနဲ့ တွေ့လဲဆိုတော့ သံဃာတော်နဲ့   တွေ့ပါတယ်။ ရခိုင်မြို့မိမြို့ဖများ နှစ်ခု ရခိုင်မှာ မြို့မိမြို့ဖရယ် CSOရယ်ဆိုပြီး သက်သက်ခွဲတွေ့ပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ ကျွန်တော်စိတ်ထင် အနည်းဆုံး ၁၅ ယောက်လောက်ရှိမယ်။ ပြီးတော့ အစ္စလာမ် ဘာသာဝင်များ ကျွန်တော်တို့တွေ့တယ်။ တွေ့တဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးက သံဃာတော်များကို လက်အုပ်ချီပြီး လျှောက်တာ၊ ဆရာတော်ကြီးများရဲ့ သြဝါဒ ခံဖို့ ၊ ကိုယ့်သဘောကိုယ်ဆောင်ပြီးတော့ ဖွဲ့လိုက်တယ်ဆိုတာ မဖြစ်လိုက်လေအောင် ရခိုင်ပြည်သူများကို အသိမပေးဘဲ ဖွဲ့လိုက်တာ မဖြစ်ရလေအောင် လာလျှောက်ထားပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့တဲ့အခါမှာ ရခိုင်မိဘပြည်သူတွေကို လေးလေးစားစားလာပြီးတော့ တင်ပြတာပါ။ ကျွန်တော်တို့ ဒီလိုဖွဲ့ပါမယ်။ ဒါဗွီဒီယိုမှတ်တမ်းတွေလည်း ရှိတယ်ဗျာ။ အဲ့ဒီထဲမှာ ကျွန်တော် ဘာသတိထားမိလဲဆိုရင် ANP  ပါတီတံဆိပ်တပ်ထားတဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့တယ်။ သို့သော် ပါတီဝင်တွေအားလုံးတော့ မဟုတ်ဘူး။ အဲ့ဒီလိုပြောတဲ့အခါမှာ စိုးရိမ်စိတ်နှစ်ခုကို တင်ပြတယ်။ ဆရာတော်တွေကိုလည်း တင်ပြတယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း တင်ပြတယ်။ တစ်အချက် နိုင်ငံခြားသား ဘာလို့ပါရတာတုန်း။ သံအမတ်ကြီးက သူရဲ့ နိုင်ငံခြား အတွေ့အကြုံတွေကို   သေချာရှင်းပြလိုက်တော့ ဒါစွက်ဖက်မှုမဟုတ်ဘူး။ ကျွန်တော်တို့ မရှင်းနိုင်လို့လည်း မဟုတ်ဘူး။ ဒီအရေးအခင်းက ကျွန်တော်တို့ ပြောလို့ဆိုလို့ မရနိုင်တော့တဲ့ အရေးဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီပုဂ္ဂိုလ်တွေရဲ့ ပြဿနာရပ်ကိုဖြေရှင်းဖို့ နည်းစနစ် တွေမှာလည်းပဲ သူတို့ရဲ့ အတွေ့အကြုံလေးတွေကို ကျွန်တော်တို့မျှဝေဖို့ ပါသလို၊ ဒီမှာအမှန်တကယ် တွေ့ရှိချက်တွေကိုလည်း ပြည်ပကိုပြန်တင်ပြတဲ့အခါမှာ သမာသမတ်ရှိ ဘက်လိုက်မှုမရှိဘဲနဲ့ အထူးသဖြင့် ကုလသမဂ္ဂမှာ သြဇာရှိသော အတွင်းရေးမှူးချုပ်ဟောင်း နိုဗယ်ဆုရှင်ကို ရွေးပြီး ဒီလိုမျိုး ပြောလို့ရှိရင် ဒီလိုဖြစ်နိုင်တယ်၊   ပြည်တွင်းရေး စွက်ဖက်မှု မဟုတ်ဘူး၊ အဲ့ဒါကို သူတို့ လက်ခံပါတယ်။

 နောက်တစ်ချက် ပြည်ထောင်စုဝန်ကြီးပြောတာ အကြိမ်ကြိမ်ပြောတာ အမျိုးသားရေး အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာက တစ်၊ လူ့အခွင့်အရေးဆိုတာက နှစ်၊ နေရာတကာမှာပြောတယ်။ အဲ့တော့ ဒေသခံပြည်သူများ မပါဝင်ဘူး။ အဲဒီအခါမှာလည်း ကျွန်တော်တို့ဘယ်လိုရှင်းပြလဲဆိုတော့ ဒေသခံ ပြည်သူများက လက်တွေ့လုပ်ရမယ့် ပုဂ္ဂိုလ်တွေ သူတို့အသံတွေ၊ သူတို့ခံစားချက်တွေကို သွားကြည့်ရမှာ ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့ ဓါတ်ကြိုးလေးလိုသွယ်ပေးတာ။ ဒီပြည်သူတွေရဲ့ အသံကို ကျွန်တော်တို့က စနစ်တကျဖြစ်အောင်လုပ်မယ်။ ဒါလေးတွေကိုတင်ပြမယ်၊ အဲ့ဒီကနေပြီးတော့မှ တကယ့် အကြံပေးသင့်တဲ့အချက်အလက်တွေကို ပေးမှာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေက တကယ် ထဲထဲဝင်ဝင်ပါမှာ။ ကျွန်တော်တို့က ချန်နယ်ပဲ။

အဲ့ဒါပြောလိုက်တဲ့အခါမှာ ပြည်သူတွေကျေနပ်တယ်။ အဲ့တော့ အခုနကမေးတဲ့မေးခွန်း အဲဒါကိုလည်း ဒုတိယအကြိမ် ဖွဲ့ပြီးတော့မှ ကိုဖီအာနန် ခေါင်းဆောင်ပြီး သွားတဲ့အချိန်မှာ ရခိုင်လွှတ်တော် ဥက္ကဌကြီးက ဒီမေးခွန်းကိုမေးတယ်။ ခင်ဗျားတို့ ANP ပါတီဆိုတာကို မသိဘူးလားတဲ့ ပြည်သူတွေက ကျွန်တော်တို့ကို ရွေးထားတာနော်တဲ့ ပြည်မမှာက အင်အားကြီးပါတီက နိုင်တယ်ဆိုပြီးတော့ တစ်ဖက်စောင်းနင်း အင်အားနဲ့ ဖိတာလားတဲ့။ ကိုဖီအာနန် ခင်ဗျားကိုဖွဲ့ပေးတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဒီစကားလေး ပြောပေးစမ်းပါတဲ့။

ကိုဖီအာနန်က ဘာပြန်ပြောလဲဆိုတော့ ပြဿနာကို ပြေလည်ဖို့အတွက် ကျွန်တော်တို့က အကြံပေးမှာတဲ့ အကြံပေးမယ့်လုပ်ငန်းစဉ်ကြီးမှာ ကဏ္ဍ နှစ်ခုရှိပါတယ်တဲ့။ အသွင်သဏ္ဍာန်ရယ် အနှစ်သာရပိုင်းရယ်၊ အခုနက ဥက္ကဌကြီးပြောလိုက်တာ အသွင်သဏ္ဍာန် လုပ်ထုံးလုပ်နည်းမှာ အားနည်း ချက်ကလေးတွေရှိသွားတယ်။ လာပြီးတော့ ဖွဲ့မယ်ဆိုတဲ့အကြောင်းကို တင်ပြတဲ့ အထဲမှာ   တွေ့သင့်တွေ့ထိုက်တဲ့လူ ပြောသင့်ပြောထိုက်တဲ့လူကို ကျန်ခဲ့တယ်။ တကယ်အနှစ်သာရပိုင်းနဲ့ တကယ် အလုပ်လုပ်မယ့်အပိုင်းမှာတော့ ဖြင့်ရင် ဥက္ကဌကြီးတို့ နားလည်ပေးပါဆိုတော့ ဘာမှ ပြန်မပြောတော့ဘူး။

မေး။           ။ ကိုဖီအာနန်က နိုင်ငံတကာမှာ ပေါက်ရောက်တယ်ဆိုတော့ ကော်မရှင်ရဲ့ အကြံပြုချက်က နိုင်ငံတကာအထိ ပြန့်သွားမယ်ပေါ့။ ဒါပေမယ့် အစိုးရက ဒီအကြံပြုချက်အတိုင်း အကောင်အထည် မဖော်နိုင်ဘူးဆိုရင် နိုင်ငံတကာမှာ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ

ဖြေ။              ။ ကျွန်တော်တို့ ဒီသုံးသပ်ချက်ကို ကြိုက်ပါတယ်။တော်တော်တန်ဖိုးထားတယ် ဒါလည်း စဉ်းစားရမယ်။ အဲ့တော့ ကိုဖီအာနန်ရဲ့ အဖြေဟာ ဘာဖြစ်မယ်ဆိုတာကို ကြိုတင်ပြီးတော့ Preconceive  လို့ခေါ်တယ်။ ကြိုတင်ပြီးတော့ ပြောဆိုခြင်းပေါ့။ သတင်းစာရှင်းလင်းပွဲမှာ အဲ့လိုဆန်ဆန် မေးခွန်းလေးမေးတော့ ဘာမှမလုပ်ရသေးပါဘူး စောင့်ကြည့်ပါဦး၊ အကယ်၍များ ကိုဖီအာနန်အပါအဝင် ကျွန်တော်တို့ပါ ပါတာပေါ့နော်။ သူတစ်ယောက်ထဲ လုပ်မှာမဟုတ်ဘူးလေ။ ကိုဖီအာနန်ရဲ့ အကြံပြုချက်ထဲမှာ ကျွန်တော်တို့ အမျိုးသားရေးကို ထိပါးမယ့် ကျွန်တော်တို့ အချုပ်အခြာကိုထိပါးမယ့်ဟာ ပါလာရင် ကျွန်တော်တို့ ဒီလိုနေမှာမဟုတ်ပါဘူး။ ကိုဖီအာနန်ရဲ့ နောက်ကြောင်းသမိုင်းကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့ ပြည်သူများ လက်မခံနိုင်လောက်အောင် အငြင်းပွားဖွယ်ရာ အချက်တော့ ပါလာနိုင်မယ်မထင်ဘူးလို့ ကျွန်တော်ခန့်မှန်းပါတယ်။ သို့သော် ခန့်မှန်းဖို့မကောင်းပါဘူးလို့ သူကိုယ်တိုင်က ပြောသွားတယ်။ ဘာလဲဆိုတာကို မသိသေးဘဲနဲ့ ကြိုတင်ပြီးတော့။ သို့သော် ကျွန်တော်တို့မှာ right ရှိတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ အစိုးရမှာ right ရှိတယ်။ လက်မခံရင် လက်မခံဘူး၊ ကမ္ဘာကိုလည်း ပြောမှာပဲ။ ကမ္ဘာကိုပေါက်တဲ့အထဲမှာ ကိုဖီအာနန် တစ်ယောက်ထဲမဟုတ်ဘူးလေ။ ကျွန်တော်တို့ရဲ့ တိုင်းပြည်ထဲမှာရှိတဲ့ ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်တွေ ကမ္ဘာကိုပေါက်တဲ့လူတွေ အများကြီးရှိတယ်။အဲ့ဒီအထဲမှာ ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ပါတယ်။ သူလည်း နိုဗယ်ဆုရှင်ပဲ။ ဟောဒီ ဟောဒီအချက်တွေကြောင့် ကျွန်မ လက်မခံဘူး။ ကမ္ဘာကိုယှဉ်ပြောမှာပေါ့၊ ခေါင်းငုံမခံပါဘူး၊ စိုးရိမ်စရာမရှိပါဘူး။

မေး။           ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ပြည်တွင်းက တစ်ချို့က လက်မခံကြဘူး။ ကော်မရှင်အနေနဲ့ အကြံပြုစာရေးရင် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ထည့်သုံးသွားဖို့ရှိလား

ဖြေ။              ။ကျွန်တော်တို့ရဲ့ Basic ကိုက ရိုဟင်ဂျာတင်မကဘူး ၊ ဘယ်အရာဖြစ်ဖြစ် နှစ်ဖက်အုပ်စုက လက်မခံသော Controversial ပေါ့ အငြင်းပွားဖွယ်ရာ ကိစ္စများကို ရှောင်ရှားပြီးတော့မှ အတင်းအကျပ် ကျွန်တော်တို့ ဥက္ကဌ ပြောသွားတဲ့အထဲကမှ ကျွန်တော်တို့ ပုလိပ်လုပ်ဖို့လာတာလဲ မဟုတ်ဘူး၊ ဆရာလုပ်ဖို့လာတာလဲမဟုတ်ဘူး။ နောက်ပြဿနာ တစ်ရပ်ဆိုတာက နှစ်ဖက်စလုံးက ကျေကျေလည်လည်နဲ့ ပြေလည်မှရမှာ။ အငြင်းပွားဖွယ်ရာ ဖြစ်နေရင် ရှောင်ရှားရမယ်။ နှစ်ဖက်စလုံးက လက်ခံနိုင်မယ့် အချက်များပေါ်မှာ မူတည်ပြီးတော့ ကျေလည်ပြေလည်သွားမှသာလျှင် ကောင်းမယ်။ အဲ့တော့ လောလောဆယ် ဘာသုံးလဲဆိုတော့ နှစ်ဖက်အုပ်စုလို့သုံးတယ်။ သေချာကျွန်တော်ပြောနိုင်တာက အငြင်းပွားဖွယ်ရာ အမည်နာမမှ မဟုတ်ဘူး၊ ဘယ်အရာကိုမှ ကျွန်တော်တို့ ထည့်မစဉ်းစားမှာ မဟုတ်ပါဘူး။ အငြင်းမပွားတဲ့ နှစ်ဖက်က ပြေပြေလည်လည်ဖြစ်တဲ့ ဟာကိုပဲ အကြံပြုမှာပါ။

မေး။           ။ ၁၉၈၂ ဥပဒေအရဆိုရင် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ(ရိုဟင်ဂျာ) လူဦးရေ ဘယ်လောက်ထိရှိနိုင်မလဲ

ဖြေ။              ။ အခု သူတို့ပြောနေတာတော့ တစ်သန်းကျော်လို့ပြောနေတယ်။ ရခိုင်ပြည်သူများရဲ့ စိုးရိမ်စိတ်က ဘာလဲဆိုတော့ဖောင်းပွနေတယ်။ ဒလဟော ဝင်နေတယ်လို့လဲထင်နေတယ်။ စိုးရိမ်နေတဲ့ အခါကျတော့ မွတ်စလင် အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါကျတော့ ကျွန်တော် အဲ့ဒါကိုပြောပြတယ်။ တစ်ဖက်က စိုးရိမ်နေတယ်။ အဲ့တော့ စိုးရိမ်တဲ့အမှုကို ပြေပျောက်အောင် ခင်ဗျားတို့ လုပ်ပေးရမယ်။ အဲ့တော့ ခင်ဗျားတို့က Camp ထဲကို ဝင်ပြီးတော့ သန်းခေါင်စာရင်းလဲ အကောက်မခံ ကတ်ပြားထုတ်ပေးမယ်ဆိုလည်း လက်မခံ ဒါခင်ဗျားတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေရှိမယ်။ အဲ့တော့ ကျွန်တော်အကြံပြုချင်တာက စစ်တွေမှာရှိတဲ့ အောင်မင်္ဂလာရပ်ကွက်မှာလည်း အဲ့လိုဖောင်းပွနေပြီဆိုပြီး သတင်းထွက်တဲ့အတွက်ကြောင့် မြို့မမြို့ဖတွေရော၊အာဏာပိုင်တွေရော ဝင်ပြီးတော့တစ်အိမ်တက်ဆင်း တစ်ယောက်ချင်းကိုခေါင်းခေါက်ပြီး ရေလိုက်တဲ့အခါမှာ ရှိရမယ့်လူထက်တောင်နည်းနေတယ်။

ဒါ success story ခေါ်တယ်။ အောင်မြင်မှု သတင်းလေးတစ်ခုပေါ့။ အားလုံးက လက်ခံလိုက်တယ်။ မြို့မိမြို့ဖတွေကလည်း လက်ခံလိုက်တယ်။ လက်ခံလိုက်တဲ့အခါကျတော့ ပြဿနာတစ်ခု သံသယတစ်ခု ပျောက်သွားတယ်။ အဲ့လိုများများတွေ့ ပေးပြီးတော့ နောက်ပြီးတော့ ဟို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း စိုးရိမ်စိတ်တွေကို ချက်ချင်းဖြေရှင်းပေးမယ်ဆိုရင် ကျွန်တော့စိတ်ထင် ကျွန်တော်တို့ အကြံပြုဖို့အတွက် အချက်တွေရမယ်။။ အုပ်စုနှစ်စုက မကြာခဏထိတွေ့ပြီးတော့ သံသယလေးတွေကို ဖြေဖျောက်ပေးနိုင်ရင်တော့ ကျွန်တော်တို့ အင်မတန်ခက်ခဲတဲ့ ခရီးကြမ်းမှာ ခြေတစ်လှမ်းလို့တော့ သဘောပေါက်ပါတယ်။

မေး။           ။ နောက်ဆုံးတစ်ခုပေါ့နော် ဆရာစောစောက ပြောတာတော့ ကော်မရှင်ရဲ့ အကြံပေးချက်က အချုပ်အခြာ အာဏာရယ်ပြီးတော့ အမျိုးသားရေးက နံပတ် ၁ လူ့အခွင့်အရေးကနံပတ် ၂ ဆိုတော့ အဲ့ဒီ အကြံပေးချက်က အလယ် အလတ်ကျပါ့မလားပေါ့။

ဖြေ။              ။ ကျွန်တော်တို့ ခဏခဏပြောပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲ့မှာကျွန်တော်တို့ ဟိုတစ်နေ့ကပေါ့နော် ဒီ RFA ကတိုက်ရိုက်လေလှိုင်းမှာလည်း ကျွန်တော်တို့ ဒီလူ့အခွင့်ရေးဘက်က ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ နဲ့ ကျွန်တော်နဲ့ဆွေးနွေးကြတာပေါ့လေ။ အဲဒီအချက်လေးက မေးခွန်း တက်မလာလို့ မပြောလိုက်ရဘူး။ အဲ့တာဘာလည်းဆိုရင် ခဏခဏလည်း နိုင်ငံရေးဘက်ကလူတွေ သုံးတယ်ခဗျ။ အမျိုးသားရေးနဲ့ လူ့အခွင့်အရေး ထိပ်တိုက်တွေ့လာရင်ဘယ်ဟာဦးစားပေးမလည်း ကျွန်တော်ထင်တယ် ထိပ်တိုက်တွေ့စရာကိုမလိုဘူးနော်.. လူ့အခွင့်အရေးဆိုတာ တရားမျှတမှု ရှိရမယ် မျှတရမယ်နော် လူ့အခွင့်အရေးလို့ပြောပြီးတော့ ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်ရှိမယ်နော် ခင်ဗျားရဲ့ လိုအင်ဆန္ဒတွေကို ဆန့်ကျင်ပြီးတော့ ခင်ဗျားရဲ့အခွင့်အရေးတွေကို ပိတ်ပင်ပြီးတော့ ကျွန်တော့ရဲ့အခွင့်အရေးပေးရင် လူ့အခွင့်အရေးဖြစ်ပါ့မလား။

လူ့အခွင့်အရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုက နှစ်ဦးနှစ်ဖက်ကို မျှတမှုရှိရမယ် နှစ်ဦးနှစ်ဖက် လက်ခံမှုရှိနိုင်ရမယ် တစ်ဖက်သား တစ်ဖက်စောင်းနင်းဆိုတာ လုံးဝကိုမရှိစေရဘူး နော် လူ့အခွင့်အရေးနဲ့ အခုနက အမျိုးသားအကျိုးစီးပွားဆိုတာ လုံးဝကို ထိပ်တိုက်မတွေ့ဘူး။ တစ်ဦးတစ်ဖက်ရဲ့အကျိုးစီးပွားကိုပျက်ပြားစေပြီးတော့ တစ်ဦးတစ်ဖက်ရဲ့အခွင့်အရေးကို ပေးလိုက်ခြင်းသည် အဲ့တာ လုံးဝလူ့အခွင့်အရေးမဟုတ်ဘူး။ သို့သော် ခင်ဗျားလွတ်လပ်မှုသည် သူများ အခြားသူကိုမထိပါးစေရ တခြားသူလက်ခံနိုင်ရမယ် အဲ့တော့ ကျွန်တော်ထပ်ပြောပါမယ်။ အမျိုးသားရေးနှင့် လူ့အခွင့်အရေးသည် လုံး၀ လုံး၀ ထိပ်တိုက်မတွေ့ပါ။ အမျိုးသားရေးထဲမှာ လူ့အခွင့်အရေးဆိုတာပါနေပါတယ်။ အဲ့တော့ ဒီနှစ်ခုကဘယ်တော့မှ ထိပ်တိုက်မတွေ့ဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly