အရက် ကင်းစင်ရေး တောင်ကုတ်တွင် ဆန္ဒပြ

အရက် ကင်းစင်ရေး တောင်ကုတ်တွင် ဆန္ဒပြ

စစ်တွေ၊ စက်တင်ဘာ ၁၀ ရက်။ အရက် ကင်းစင်မှုရှိစေရန်နှင့် တရားမဝင်  အရက်ဆိုင်များအား ပိတ်သိမ်းပေးစေရန် အတွက် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မှ ကျေးရွာ ၂၀ မှ ဒေသခံ ၁၀၀၀ ကျော်ခန့်က ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒပြ တောင်းဆိုရာတွင် တရားမဝင် အရက်ဆိုင်များအပြင်၊ လိုင်စင်နှင့် ချရောင်းနေသော အရက်ဆိုင်များပါ ပိတ်သိမ်းရေးအထိ တောင်းဆိုခဲ့ကြပြီး မြို့နယ်အတွင်း အရက်လုံးဝ ကင်းစင်အောင်အထိ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးသိန်းလွင်က ပြောသည်။

“ရဲတွေက ဖမ်းဆီးတာက လိုင်စင်မရှိတဲ့ အရက်ပုန်းဆိုင်တွေကိုလည်း ဖမ်းဆီးပါတယ်၊ ဒါပေမယ့် အရက်လုံးဝကင်း စင်ရေးအတွက် အထောက်အကူမဖြစ်ဘူး၊ ကျွန်တော်တို့က အရက်အတု၊ အရက်ကြောင့် လူငယ်တွေ၊လူကြီးတွေ ရောဂါရ၊ စာရိတ္တတွေ ပျက်စီးနေတာကို မမြင်နိုင်ဘူး။ ခုဆို မိန်းမတွေတောင် သောက်လာကြပြီ။ ဒါကြောင့် တောင်ကုတ်မြို့နယ်အတွင်းမှာ အရက် လုံးဝ ကင်းစင်ရေး အဖြစ် တောင်းဆိုနေကြတာပါ။"

မြို့တွင်း စီတန်း လှည့်လှည်ဆန္ဒပြရာတွင် တန်းလွဲ၊ ဂျီဝ၊ ကတိုးဆိပ်၊ ယာတိုက်၊ ရွာမ၊ ဂျီပင် ၊ပြည်စိုးပင်၊ ကုတိုးဆိပ်၊ ကျောက်ဆိပ်တောင်၊ အဘာရှည် စသည့် ကျေးရွာပေါင်း ၂၀ မှ ဒေသခံများက   တောင်ကုတ်မြို့ပေါ် ဦးဥတ္တမလမ်း အတိုင်းပြသကြပြီး ပြည်-တောင်ကုတ် လမ်းများ၌လည်း ပြသကာ ဦးဥတ္တလမ်း၌ အဆုံးသတ်ခဲ့ကြသည်။

“လိုင်စင်ရ အရက်ဆိုင် ချက်ချင်းပိတ်၊ အရက် လိုင်စင် မချပေးရေး၊ ပြည်သူဆန္ဒလေးစားပါ" ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။

တောင်ကုတ်မြို့နယ်အတွင်း တရားမဝင် အရက်ရောင်းချမှုများနှင့် ပါတ်သက်ပြီး ဆောင်ရွက်မှု အခြေနေများအား မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် " ကျွန်တော်တို့ သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ လိုင်စင်မဲ့ အရက်ဆိုင်တွေကို ဖမ်းဆီးနေကြပါတယ်၊ ဆက်ပြီးလည်း ဆောင်ရွက်ကြဦးမှာပါ" ဟု ဒုတပ်ကြပ် ဦးဝင်းဇော်က ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly