၀င်ဘယ်ဒန် အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုကို ဂျိုကိုဗစ်ဆွတ်ခူး

၀င်ဘယ်ဒန် အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုကို ဂျိုကိုဗစ်ဆွတ်ခူး

အင်္ဂလန်၊ ဇူလိုင် ၁၃။ ။ ဝင်ဘယ်ဒန် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်တစ် တင်းနစ်သမား ဂျိုကိုဗစ်သည် ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါးရားကို ၇-၆(၇-၁)၊ ၆-၇(၁၀-၁၂)၊ ၆-၄၊ ၆-၃ တို့ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

ပြိုင်ပွဲမှာ အလွန်အကြိတ်အနယ်ရှိခဲ့ပြီး ပထမပွဲကြီး နှစ်ပွဲတွင် tie-break ရိုက်ခဲ့ရပြီး တစ်ပွဲစီအနိုင်ရရှိခဲ့သည်။ ပွဲချိန်ကြာလာသည်နှင့်အမျှ အသက် ၃၃ နှစ်အရွယ်ရှိ ဖက်ဒါးရားမှာ ကစားအားကျသွားခဲ့ပြီး ဂျိုကိုဗစ်က ကျန်နှစ်ပွဲကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိသွားခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရျိ ဂျိုကိုဗစ်သည် ယခုနှစ်တွင် ဒုတိယမြောက် ဂရင်းစလင်းချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကိုးခုမြောက် ဂရင်းစလင်းချန်ပီယံဆုလည်း ဖြစ်သည်။

ယခု ဝင်ဘယ်ဒန်ချန်ပီယံဆုသည် ဂျိုကိုဗစ်အတွက် သုံးခုမြောက်ဖြစ်ပြီး ၂ နှစ်ဆက် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကလည်း ၎င်းတို့နှစ်ဦးပင် ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ပြီး ဂျိုကိုဗစ်က အနိုင်ရခဲ့သည်။

ဖက်ဒါးရားသည် ဝင်ဘယ်ဒန်ပြိုင်ပွဲသမိုင်းတွင် ၇ ကြိမ်ဗိုလ်စွဲခဲ့ဖူးသူဖြစ်သည်။ ပြိုင်ပွဲသမိုင်းတွင် အအောင်မြင်ဆုံးကစားသမား ဖြစ်လာရန် အစွမ်းကုန်ကြိုးပမ်းခဲ့သော်လည်း ဂျိုကိုဗစ်ကို အရှုံးပေးခဲ့ရသည်။

ဂျိုကိုဗစ်နှင့် ဖက်ဒါးရားတို့သည် အကြိမ် ၄၀ တွေ့ဆုံခဲ့ရာတွင် အကြိမ် ၂၀ စီ အနိုင်ရရှိထားကြသည်။ မြေစေးကွင်းတွင် ၄-၄၊ ကွင်းအမာတွင် ဖက်ဒါးရားက ၁၅-၁၄၊ မြက်ခင်းကွင်းတွင် ဂျိုကိုဗစ်က ၂-၁ ဖြင့် အနိုင်ရထားသည်။

ဂျိုကိုဗစ်နှင့် ဖက်ဒါးရားတို့၏ ဝင်ဘယ်ဒန်ဗိုလ်လုပွဲကို ဟောလီးဝုဒ်မှ နာမည်ကျော်သရုပ်ဆောင်များနှင့် ဘောလုံးလောကမှ ဖာဂူဆန်နှင့် အွန်နရီတို့ကဲ့သို့ နာမည်ကြီးသူများ တက်ရောက်အားပေးခဲ့ကြသည်။ ထို့အပြင် ဘောလုံးလောကအတွင်းမှ ကစားသမားအများအပြားသည် ထိုပွဲမတိုင်ခင်ကတည်းက လူမှုဝက်ဆိုက်စာမျက်နှာများပေါ်တွင် ၎င်းတို့နှစ်သက်ရာ ကစားသမားကို အားပေးခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly