ပျိုတိုင်းကြိုက်တဲ့ အလှနှင်းဆီ

09 September 2016
ပျိုတိုင်းကြိုက်တဲ့ အလှနှင်းဆီ

ကျွန်တော်တို့ မြန်မာစကားပုံမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတာ လူတိုင်း သိကြမှာပါ။ အဲသလိုပဲ ကျွန်တော်တို့ မြန်မာလူမျိုးတွေက နှင်းဆီပန်းကို နှစ်သက်ကြတယ်။ မြတ်နိုးကြတယ်။ အဲဒီတော့ ဒီနှင်းဆီပန်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘယ်လိုစိုက်ပျိုးရသလဲ။ နှင်းဆီပန်းကလေး လှလှလေးဖြစ်အောင် ဘယ်လို ပြုစုရသလဲ။

မှော်ဘီမြို့နယ် ညောင်ပင်သာကျေးရွာ နှင်းဆီခြံက ဥယျာဉ်မှူးလုပ်သူကတော့ နှင်းဆီပန်းစိုက်ပျိုးရေးအကြောင်း အခုလို စတင်ပြီး ရှင်းပြပါတယ်။

“နှင်းဆီမှာဆိုရင်တော့ အမျိုးပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ တကယ်တမ်း မျိုးစေ့ကတော့ ၁၅၀ ကျော်လောက် ရှိပါတယ်။ အဲဒီတော့ တကယ်တမ်း နှင်းဆီကို ခွဲခြားလိုက်မယ်ဆိုရင် ခြုံပုတ်နှင်းဆီရယ်၊ နွယ်နှင်းဆီရယ် နှစ်ခုပဲရှိပါတယ်။ ပြီးတော့ နှင်းဆီစိုက်တဲ့အခါမှာလည်း သူက အစေ့ကို စိုက်လို့ရတာ မဟုတ်ပါဘူး။ မျိုးပင်ကိုသာ စိုက်တာဖြစ်ပါတယ်။

 မျိုးပင်ကို စိုက်ပျိုးတော့မယ်ဆိုရင်တော့ ကျွန်တော်တို့ အရင်ဆုံး မျိုးထုတ်ကို ကြည့်ရပါတယ်။ မျိုးထုတ်မှာ တကယ်လို့ အမြစ်တွေ ထွက်နေမယ်ဆိုရင် အဲဒီအမြစ်တွေကို ကျွန်တော်တို့က ညှပ်ပေးရပါတယ်။ ညှပ်ပေးပြီးတော့မှ ဒီ မျိုးထုတ်နဲ့ ကိုက်ညီတဲ့ မြေကျင်းကို တူးရပါမယ်။ တူးပြီးတော့ ပလပ်စတစ်အိတ်ကို ဖယ်လိုက်ပါ။

မျိုးပင်ကို စိုက်တဲ့အခါမှာ မျိုးပင်က မြေကြီးထဲမှာ ၄ လက်မ ၅ လက်မလောက် ထားပြီးတော့ စိုက်ပေးရမှာပါ။ စိုက်ပျိုးတဲ့အခါမှာလည်း အပင်ကို ကြပ်နေအောင် အပင်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ မြေကြီးတွေကို ဖိသိပ်ပေးရပါတယ်။ စိုက်ပျိုးပြီးစ အပင်တွေကိုတော့ ရေကို ဂရုတစိုက် လောင်းပေးရမှာပါ။ အပင်ကြီးများအတွက်ဆိုရင်တော့ တစ်ရက်မှာ တစ်ကြိမ်၊ ဒါမှမဟုတ်ရင်တော့ တစ်ပတ်မှာ တစ်ကြိမ်ခန့် ရေလောင်းပေးရမှာပါ။

နှင်းဆီကတော့ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပေမယ့် အပွင့်နှုန်းကောင်းစေရန်နဲ့ အပင်နှုန်း ကြီးထွားမြန်စေရန်အတွက် မြေသြဇာ ကောင်းကောင်းရရှိဖို့ လိုအပ်ပါတယ်။ ရေဝတ်ခြင်းကို မနှစ်သက်တဲ့အတွက် ရေစိမ့်ဝင်မှု ကောင်းတဲ့မြေ ဒါမှမဟုတ်ရင် စိုက်ဘောင်တွေနဲ့ စိုက်ပျိုးသင့်ပါတယ်။ စိုက်ဘောင်တွေကိုတော့ မြေကြီးမှ ၆ လက်မအမြင့် ထားပေးရမှာပါ။ စိုက်ဘောင် အလျား ပေ ၃၀ အနံ ၅ ပေအတွက်ဆိုရင် နွားချေး ၅ တင်းခန့်နှင့် မိုးဖိုပြာ နှစ်ပြည်ခန့်ကို မြေနဲ့ ရောပေးရမှာပါ။ အပင်ကိုတော့ တစ်ပင်နဲ့တစ်ပင် သုံးပေခန့် ခွာပြီးတော့ စိုက်ပေးရမှာပါ။ စိုက်ပျိုးဖို့ အကောင်းဆုံး အချိန်တွေကတော့ မိုးနည်းတဲ့ ဒေသတွေမှာဆိုရင်တော့ မိုးဦးစနဲ့ မိုးများတဲ့ဒေသတွေမှာဆိုရင် ဆောင်းဦးပေါက်ကာလတွေမှာ စိုက်ပျိုးပေးရမှာပါ။

စိုက်ပျိုးမယ့် ပျိုးပင်တွေကိုလည်း သေချာစွာ စစ်ဆေးသင့်ပါတယ်။ မစိုက်ပျိုးမီ တစ်ပတ်လောက် အလိုလောက်မှာ ပိုးသတ်ဆေး မှိုသတ်ဆေးတို့ကို ဖျန်းပေးထားရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း မျိုးထုတ်အိတ်ရဲ့ အပြင်မှာထွက်နေတဲ့ အမြစ်တွေကို ဖြတ်ပြီးတော့ မြေဆိုင်ခဲမပြတ် စိုက်ပျိုးခြင်းနဲ့ မြေဆိုင်ခဲကိုဖယ်ပြီး အမြစ်ကို တစ်နာရီခန့် ရေထဲမှာ စိမ်ပြီးမှ စိုက်ပျိုးခြင်းဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။

နှင်းဆီပန်းတစ်ပွင့် ရောင်းတန်းထဲကို ဝင်ဖို့အတွက်ကတော့ ကျွန်တော်တို့ ကိုင်းရှင်းတဲ့နေရာမှာ အရမ်းကို အရေးကြီးပါတယ်။ ကိုင်းရှင်းတာက နှင်းဆီပန်းပင် ရှင်သန် ရပ်တည်ဖို့နဲ့ ကျွန်တော်တို့ ပန်းပွင့်လှလှဖြစ်ဖို့အတွက်ကတော့ အရမ်းကို အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ”။

ဒီနေရာမှာတော့ နှင်းဆီပန်းကို ဘယ်လိုပြုစုစောင့်ရှောက်ရတယ်ဆိုတာ ဆက်ပြီး ရှင်းပြတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

“နှင်းဆီပန်းတစ်ပင် ကိုင်းရှင်းတဲ့အခါမှာ ကျွန်တော်တို့က ဘာကို ကြည့်ရမလဲဆိုတော့ ဥပမာဆိုရင် အပင်မှာ အတက်တွေထွက်နိုင်တဲ့နေရဲ့ အောက်မှ နှစ်ကိုင်းလောက်ကို ချန်ထားပြီးတော့ ညှပ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း ထွက်လာတဲ့ အတက်တွေက သန်မာပြီးတော့ ရောင်းတန်းဝင်တဲ့ အပင်တွေ ဖြစ်လာမှာမို့ပါ။ ကိုင်းသင်ပြီးတော့တစ်လခွဲကြာတဲ့အချိန်မှာတော့ ပန်းများ စတင် ဖူးပွင့်လာမှာပါ။ ပန်းခူးခြင်းနဲ့ ကိုင်းသင်ခြင်းကိုတော့ နောက်ပိုင်းမှာ အတူတူ လုပ်ဆောင်လာရမျာပဲ ဖြစ်ပါတယ်။ ပန်းခူးတဲ့အခါမှာ ပန်းပွင့်ရဲ့ အောက်မှာရှိတဲ့ အတက် လေးငါးဆစ်ပါအောင် ခူးပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ သန်စွမ်းတဲ့ကိုင်းတွေ ထွက်ပြီးတော့ ဖူးပွင့်မှာဖြစ်ပါတယ်။

နှင်းဆီပင်ကို တစ်နှစ်မှာ တစ်ကြိမ်ခန့် အစာကြီး ကျွေးရပါတယ်။ နှင်းဆီပန်းတွေကိုတော့ အစေ့မှ စိုက်ပျိုးလေ့မရှိပဲ ကိုင်းထိုးပြီးတော့ စိုက်ပျိုးလေ့ရှိပါတယ်။ ကိုင်းများကိုတော့ လေးလက်မမှ ခြောက်လမ အရှည်ခန့်ကို ဖြတ်ပြီး ပျိုးအိတ်ထဲမှာထည့်ပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ မိုးရာသီမှာတော့ ရေထုတ်စီးပြီးတော့လည်း မျိုးပွားနိုင်ပါတယ်။ နှင်းဆီပန်းကတော့ နေ့စဉ် ဝင်ငွေရနေတဲ့ ပန်းဖြစ်ပြီးတော့ သက်တမ်းကတော့ သုံးနှစ်အထိ ပန်းများကို ခူးဆွတ်နိုင်ပါတယ်။

နှင်းဆီပင်မှာ ကျရောက်တက်တဲ့ ရောဂါတွေကတော့ ကိုင်းဖျားခြောက်မ ှိုရောဂါ၊ ကြီးပေါင်းရောဂါ ဖားအုမှိုရောဂါနဲ့ နှင်းဆီကွက်ပျောက်မှို ရောဂါတို့ပဲ ဖြစ်ပါတယ်။ ကျရောက်တက်တဲ့ ဖြတ်ပိုးတွေကတော့ ခြ၊ အနီရောင်ကြေးပိုး၊ ပြပိုး၊ ရွက်ဖြတ်ပိုး၊ ပင့်ကူနီတို့ပဲ ဖြစ်ပါတယ်။ ”

ကဲ စိုက်ပျိုးရေးဝါသနာရှင်များ နှင်းဆီဘယ်လိုစိုက်ရမယ် ဘယ်လို ရှင်သန်အောင်မြင်အောင် ပြုစုစိုက်ပျိုးရမယ်ဆိုတာ အကြမ်းပျဉ်း သိလောက်ပါပြီ။ စီးပွားဖြစ် နှင်းဆီစိုက်ပျိုးရေးနဲ့ ဝင်ငွေကောင်းအောင် ဖန်တီးနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly