ပုဂံဘုရားအချို့ အန္တရာယ်ရှိ အဆောက်အဦးအဖြစ် သတ်မှတ်ထားခံရ

ပုဂံဘုရားအချို့ အန္တရာယ်ရှိ အဆောက်အဦးအဖြစ် သတ်မှတ်ထားခံရ
ဓာတ်ပုံ-လှိုင်မျိုးထွန်း
 

ရန်ကုန်၊ စက်တင်ဘာ ၉ ။            ။ အများပြည်သူ သွားရောက်ကြည့်ရှုရန်မသင့်သည့်အတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စေတီဘုရားပုထိုး အချို့ကို အန္တရာယ်ရှိအဆောက်အဦးအဖြစ် သတ်မှတ်ပြီး ပိတ်ပင်ထားကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုး သားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလွင်က မဇ္ဈိမသို့ ပြောသည်။

"အန္တရာယ်ရှိ သတ်မှတ်ထားတဲ့ အဆောက်အဦးလို့ အဲဒါလေးတွေ ကျွန်တော်တို့ ပိတ်ထားတယ်။ လောလောဆယ် ၁၇ ဆူ၊ ၁၈ ဆူ လောက်တော့ရှိတယ်၊ အန္တရာယ်ရှိတယ်ဆိုတာ ပြည်သူတွေ သွားရောက်ကြည့်ရှုဖို့ မသင့်တာပါ အရမ်းကြီး ပြုတ်ကျနေမယ်လို့တော့ မဟုတ်ပါဘူး။ အဲဒီ ဘုရားတွေထဲတော့ ဝင်ရောက်ကြည့်ရှုဖို့ မသင့်ဘူးဆိုတဲ့အကြောင်းပါ" ဟု ဦးသိန်းလွင်က ဆိုသည်။

အဆိုပါ သတ်မှတ်ခံထားရသည့် စေတီပုထိုးများထဲတွင် တရုတ်ပြေးမင်း၊ စူဠာမဏိ ၊ ဝက်ကြီးအင်း ဂူပြောက်ကြီး စသည့် ထင်ရှားသော စေတီဘုရားပုထိုးများလည်း ပါဝင်ကြောင်း ဦးသိန်းလွင်၏ ပြောပြချက်အရ သိရသည်။

 ပုဂံမြို့၏ အမြင့်ဆုံး သဗ္ဗေညု ပုထိုးတော်ကြီး၏ ကြံ့ခိုင်မှုကို ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနက စစ်ဆေးခဲ့ရာတွင် ပုထိုး တော်ကြီး၏ အတွင်းပိုင်းမှာ ကြေမွနေပြီး ဒဏ်ရာဒဏ်ချက်များ အလွန်များပြားနေကြောင်း သတင်းများ ထွက်ပေါ်နေ သည်။

သို့သော် သဗ္ဗေညု ပုထိုးတော်ကြီး၏ ပျက်စီးမှုမှာ အပေါ်ပိုင်းသာပျက်စီးမှုဖြစ်ပြီး အတွင်းပိုင်း အောက်ခြေ ဂန္ဓကုဋီတိုက် အထိ ဘုရားဖူးပြည်သူများကို ဝင်ရောက်ခွင့်ပေးထားကြောင်း ဦးသိန်းလွင်က ပြောသည်။

လက်ရှိတွင် ပုဂံယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရား စေတီပုထိုးများကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ၊ ဗိသုကာ ပညာရှင် အသင်းတို့က ယူနက်စကိုနှင့် ပူးပေါင်း ကာ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဆောက်လုပ်ရေး ဝန် ကြီးဌာနက ဆိုသည်။

"အရပ်စကားနဲ့ ပြောရရင် အထဲမှာ နည်းနည်းတော့ ကွဲတာအပ်တာတွေရှိတာပေါ့ကွာ။ လူတွေက ပျက်စီးမှုအခြေအနေ မသိဘူးလေ ။ မတော်တဆများ after earthquake (နောက်ဆက်တွဲငလျင်) များ လာရင် ဝုန်းဆို ပြိုကျသွားမှာလဲ ကြောက်လို့လေ။ ပြိုကျတယ်ဆိုတာလည်း နည်းနည်း ပဲ့တာ ပြုတာပေါ့ကွာ။ အဲ့ဒါမျိုးတွေဖြစ်မှာစိုးလို့ ပိတ်ထားတာ" ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းတင့်က ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့က အင်အား ရစ်ချက်စတာစကေး ၆.၈ အဆင့်ရှိပြီး မြန်မာပြည်အလယ်ပိုင်းကို ဦးတည်လှုပ်ခတ်ခဲ့ သည့် ငလျင်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံဒေသတွင် ဘုရားပေါင်း ၃၀၀၀ ကျော်ရှိသည့်အနက် ၄၀၀ ခန့်ထိခိုက်ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly