ပြည်နယ်အစိုးရအနေနှင့် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိလျှင် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ရန် ဆန္ဒရှိ

ပြည်နယ်အစိုးရအနေနှင့် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိလျှင် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ရန် ဆန္ဒရှိ

စစ်တွေ၊ စက်တင်ဘာလ ၉ ရက် ။             ။ မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ရခိုင်အမျိုးသား ဆရာတော် အသျှင် ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့ရက် စက်တင်ဘာ ၉ ရက်ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများ အပေါ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အစိုးရအနေနှင့် ဥပဒေအရ လုပ်ပိုင်ခွင့်သာ ရှိမည်ဆိုပါက ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ဆန္ဒရှိကြောင်း  ပြောကြားလိုက်သည်။

"ကျနော်အနေနဲ့လည်း ဆန္ဒရှိနေပါတယ်။ ပြည်သူတွေ ဆန္ဒနဲ့လည်း ထပ်တူကျပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ ရုံးပိတ်ရက် သတ်မှတ်ဖို့ ဆိုတာက   နိုင်ငံတော်အဆင့်၊ ပြည်ထောင်စု အဆင့် လုပ်ရမယ့်ကိစ္စဖြစ်တယ်။ ဒါပေမယ့် တဖြည်းဖြည်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ဥပဒေအရ လုပ်ပိုင်ခွင့် ရှိတယ်ဆိုရင် ပြည်နယ်အစိုးရ အနေနဲ့ရော၊ လွှတ်တော် အနေနဲ့ရော မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။"

စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ဆရာတော် ဦးဥတ္တမ၏ ၇၇ နှစ်မြောက် ပျံလွန်တော်မူသည့် ဝမ်းနည်းခြင်း  အထိမ်းအမှတ်အဖြစ် စစ်တွေမြို့တွင် ကျင်းပပြုလုပ်သည့် အခမ်းအနားတွင်   ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဥတ္တမနေ့အခမ်းအနားကို စစ်တွေမြို့နယ်နှင့် ပြည်နယ်ရှိ မြို့နယ် အသီးသီးအပြင် ရန်ကုန်မြို့များမှာပါ ကျင်းပပြုလုပ် လျက်ရှိသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ကိုလိုနီ လက်အောက် ရောက်ရှိနေခဲ့စဉ်က ပြည်သူ တရပ်လုံးကို အမျိုးသားရေး စိတ်နိုးကြားလာစေရန် ဟောပြောခဲ့သဖြင့် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသူ   ဖြစ်သောကြောင့် ဆရာတော် ပျံလွန်တော်မူသည့် နေ့ရက် စက်တင်ဘာ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်အမျိုးသားတို့က ဦးဥတ္တမနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် တောင်းဆိုနေကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly