မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရန် ရှနိုက်ဒါလင် ဆေးစစ်မှုခံယူပြီးစီး

မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရန် ရှနိုက်ဒါလင် ဆေးစစ်မှုခံယူပြီးစီး

ဇူလိုင် ၁၃၊ မန်ချက်စတာ။ ။ ရှနိုက်ဒါလင်သည် ဆောက်သမ်တန်မှ မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရွှေ့ရန်အတွက် ဆေးစစ်မှုခံယူပြီးစီးသွားပြီဟု ဗြိတိန်ထုတ် မယ်ရာ သတင်းစာက ဖော်ပြသည်။ ဒေးလီးမေးလ်သတင်းစာကမူ ရှနိုက်ဒါလင်၏ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်းဟု ဖော်ပြထားသည်။

ယင်းကွင်းလယ်ကစားသမားသည် တစ်နှစ်သက်တမ်းထပ်မံတိုးခွင့်ရှိသည့် လေးနှစ်စာချုပ်ချုပ်ရန်အတွက် မန်ယူလေ့ကျင့်ရေးစင်တာတွင် ဦးစွာဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်သည်။

ဒီပေး၊ ဒါမီယန်နှင့် ရှဝိန်းစတိုင်ဂါတို့ကိုခေါ်ယူထားသည့် မန်ယူအသင်းအနေဖြင့် ရှနိုက်ဒါလင်ကိုထပ်မံခေါ်ယူခြင်းအားဖြင့် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၈၀ နားကပ်လာခဲ့ပြီး နောက်ထပ်အားဖြည့်မှုများလည်း ပြုလုပ်ဦးမည်ဖြစ်သည်။

မန်ယူနည်းပြဗန်ဟားလ်သည် နှစ်ပတ်ခွဲကြာမြင့်မည့် အမေရိကန်ခြေစမ်းခရီးစဉ်အတွက် အသင်းကိုဦးဆောင်ထွက်ခွာသွားပြီဖြစ်ပြီး ရှနိုက်ဒါလင်ကိုလည်း နောက်ကလိုက်လာစေရန် ဆန္ဒရှိနေသည်။

ဆောက်သမ်တန်နည်းပြရော်နယ်ကိုးမန်းသည် ရှနိုက်ဒါလင်၏နေရာကိုအစားထိုးရန် ဖီယင်နုမှ ကလာစီကိုခေါ်ယူနိုင်ခဲ့ပြီးနောက် ဆောက်သမ်တန်သည် ရှနိုက်ဒါလင်ကို မန်ယူသို့ပြောင်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။

မန်ယူအသင်းအနေဖြင့်ကစားသမားခေါ်ယူဦးမည်ဖြစ်ပြီး တိုက်စစ်မှူးဗန်ပါစီ ဖီနာဘာချီသို့ပြောင်းမည်ဖြစ်သဖြင့် တိုက်စစ်မှူးတစ်ဦးထပ်ခေါ်ရန်ရှိ နေသည်။

တိုက်စစ်မှူးနေရာအတွက် စပါးမှ ဟယ်ရီကိန်း၊ ပီအက်စ်ဂျီမှ ကာဗာနီ၊ အက်စတွန်ဗီလာမှ ဘန်တီကီနှင့် ရီးယဲလ်မက်ဒရစ်မှ ဘန်ဇီမာတို့ကို မန်ယူအသင်းက စောင့်ကြည့်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly