ရခိုင်တမျိုးသားလုံးနှင့် သက်ဆိုင်သည့် မူဝါဒရေးဆွဲမည်

ရခိုင်တမျိုးသားလုံးနှင့် သက်ဆိုင်သည့် မူဝါဒရေးဆွဲမည်
ရခိုင်ပြည်အမျိုးသားကောင်စီ ANC/AA ဗိုလ်မှူးကြီး မင်းထွန်း (ဓာတ်ပုံ - RiA)

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် ။                ။ ရခိုင်အမျိုးသားတရပ်လုံးနှင့် သက်ဆိုင်သည့် မူဝါဒတစ်ရပ်ကို ရေးဆွဲရန် စီစဉ်နေကြောင်း ရခိုင်ပြည်အမျိုးကောင်စီ ANC ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊   ရခိုင်ပြည်တပ်မတော် AA စစ်ဦးစီးချူပ် ဗိုလ်မှူးကြီး မင်းထွန်းက ပြောကြားလိုက်သည်။

“ဒီနေ့အချိန်မှာ အချိန် အကန့်အသတ် တစ်ခုအတွင်းမှာ ကျနော်တို့က တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ မူကို ဆွဲရမယ် ဆိုတာက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ငါတို့ ဘယ်လို ပါဝင်မလဲ၊ ဘယ်လို အခြေအနေမျိုးဆိုရင် မပါဝင်ဘူးလဲ။ ပါဝင်သင့် ပါဝင် ထိုက်သူတွေ ဆိုတာ ငါတို့ ရခိုင်တွေ အနေနဲ့ ဘယ်သူ့ကို သတ်မှတ်မလဲ။ ဘယ်အဖွဲ့အစည်းကို သတ်မှတ်မလဲ။ အပစ်အခတ် ရပ်မယ်ဆိုရင် ဘယ်လို စံချိန်စံညွန်းတွေနဲ့ ကိုက်ညီမှ အပစ်ခတ်ရပ်နိုင်မလဲ။ အဲဒါကို စောင့်ကြည့်ဖို့အတွက် ဘယ်လိုမျိုး မက်ကနီဇင်ကို ချမလဲ။ နောက်တစ်ခုက ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ နိုင်ငံရေးကို ဆွေးနွေးဖို့ ဘာတွေကို အခြေခံရမလဲပေါ့။”

ယင်းပြောကြားမှုကို စက်တင်ဘာလ ၈ ရက်နေ့ ရန်ကုန်မြို့၊ ရွှေတိဂုံအရှေ့ဘက်မုခ်ဝအနီး ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ခဲ့သည့် ရခိုင်အဖွဲ့အစည်း (၃) ခု၏ လူထု တွေ့ဆုံရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၁ ရာစု ပင်လုံညီလာခံကို ရခိုင်ပြည်အမျိုးသားကောင်စီ ANC/AA ၊ ရခိုင်အမျိုးသားပါတီ ANP နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP/ALA တို့က တက်ရောက်ခွင့်ရရှိခဲ့ကြသော်လည်း   မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော ရက္ခိုင့်တပ်မတော် AA မှာ တက်ရောက်ခွင့် မရရှိခဲ့ပေ။

“ပထမတချက် ငြိမ်းချမ်းရေးအတွက် ရေးဆွဲဖို့၊ ဒုတိယ တချက်က ဖွဲ့စည်းပုံ၊ ပြည်ထောင်စု ဖွဲ့စည်းပုံ ပြည်နယ်ဖွဲ့စည်းပုံမှာ ပါဝင်ထိုက်တဲ့ အချက်အလက်တွေကို ကျနော်တို့ စုစည်းဖို့။ တတိယတဆင့်က ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် ရခိုင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကို ပြည်နယ်တပ်၊ ပြည်ထောင်စုတပ်မှာ ပါဝင်ခွင့်ရအောင် ဘယ်လို ပုံစံမျိုးကျနော်တို့ ချဉ်းကပ်ကြမလဲ။ ဆိုတော့ခါ ကျောက်ဖြူညီလာခံက ဆုံးဖြတ်တဲ့ အချက်တွေဟာလည်း ဒီအထဲမှာ ပါကောင်းပါလာနိုင်ပါတယ်။” ဟု ဗိုလ်မှူးကြီး မင်းထွန်းက ဆက်လက် ပြောကြားသည်။

ရခိုင်တမျိုးသားလုံးနှင့် သက်ဆိုင်သည့် မူဝါဒကို ရေးဆွဲရန် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သော အရပ်ဖက်အဖွဲ့အစည်း၊ ပါတီနိုင်ငံရေးအင်အားစုများနှင့် မြို့နယ်အလိုက် လိုလားချက်များကို တင်ပြတောင်းဆိုနိုင်ရန် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

“ကျနော် ခုဟာက ၂၁ ပင်လုံ တကြိမ် ကျင်းပသွားပါပြီ။ နောက်တကြိမ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့ နိုင်ငံရေးမူဘောင်အစည်းအဝေးမှာ ရှိပါတယ်။ အဲဒီ မူဘောင်ကျတယ်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မြို့နယ်အလိုက်၊ လူမျိုးအလိုက်၊ ဒေသအလိုက် လုပ်သွားဖို့ ရှိပါတယ်။ အဲဒီအစည်းအဝေးတွေက တက်လာတဲ့ အဖြေကိုတွေမှ ကျနော်တို့ အဲဒါတွေကို လွှမ်းခြုံပြီးတော့ အမျိုးသားမူဝါဒကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA မှ ဗိုလ်မှူးကြီး ခိုင်အောင်စိုးသန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly