ရခိုင်အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသွားမည်ဟု ကိုဖီအာနန်ပြော

ရခိုင်အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသွားမည်ဟု ကိုဖီအာနန်ပြော
ဓာတ်ပုံ-သူရ မဇ္ဈိမ
 

ရန်ကုန်၊ စက်တင်ဘာ ၈ ။              ။ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်အနေဖြင့်  ရခိုင်အကျိုးစီးပွားကို မုချ ထည့်သွင်းစဉ်းစားသွားမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားလိုက်သည်။

စက်တင်ဘာလ ၈ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ကိုဖီအာနန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ကျနော်ပြောနိုင်တာက ကော်မရှင်အနေနဲ့ ရခိုင်အကျိုးစီးပွားကို မုချထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ ကျ နော်တို့ပြု တဲ့ အဆိုပြုချက်တွေသည် အားလုံးအကျိုး ကျေးဇူးအတွက်ပဲ ဖြစ်ရပါမယ်။ ရခိုင်ပြည်နယ်မှာ ရှိသူ တွေအားလုံး မြန်မာ တစ်နိုင်ငံလုံးမှ ရှိတဲ့ လူတွေ အကျိုးပြုနိုင်တဲ့ အဆိုပြုချက်တွေကို ပြုနိုင်အောင်ကြိုးစားသွားပါမယ်" ဟု မစ္စတာ ကိုဖီ အာနန်က ပြောသည်။

မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာနက သြဂုတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပြီး ယင်းကော်မရှင်တွင် နိုင်ငံတကာ ပညာရှင် (၃)ဦး ပါဝင် နေသည့်အတွက် ကန့်ကွက်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ကော်မရှင်အနေဖြင့် အကြံပေးရန်သာဖြစ်ပြီး ဆရာလုပ်ရန် မဟုတ်ကြောင်းနှင့် ရခိုင်ပြည်အရေးနှင့် ပတ်သက်၍ ဘက်လိုက်မှုမရှိဘဲ တိကျစွာဆောင်ရွက်သွားမည်ဟုလည်း မစ္စတာ ကိုဖီအာနန်က ဆိုသည်။

မစ္စတာ ကိုဖီအာနန်နှင့် နိုင်ငံတကာ ပညာရှင် ၃ ဦးသည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်း က ရောက်ရှိလာခြင်း ဖြစ်ပြီး စတက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ပြည်နယ်ဝန် ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ သံဃာတော်များ၊ ရပ်မိရပ်ဖများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံ၍ ရခိုင် ပြည်နယ်ဆိုင်ရာ ကိစ္စ ရပ်များကို တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကော်မရှင်၏ ခရီးစဉ်အတွင်း ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရခိုင်အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ဦးဆောင်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။

ယင်းကဲ့သို့ ဆန္ဒပြမှုနှင့် ပတ်သက်၍ မစ္စတာ ကိုဖီအာနန်က " ဒီပြဿနာကိုတော့ ထားခဲ့လို့ ရလောက်ပြီလို့ ကျနော်ထင် ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာတော့ နိုင်ငံတကာက အသိုက်အဝန်းတွေဟာ တစ်ဖက်သတ် ဖြစ်နိုင်တယ်။ ရိုဟင်ဂျာ ပေါ်လာတာလည်း နိုင်ငံတကာကကြောင့်ပဲ စသဖြင့် ဒီလိုမျိုးအမြင်တစ်ချို့ ရှိနိုင်ပါတယ်။ ရခိုင်အကျိုးစီးပွားကို ထည့်စဉ်း စားချင်မှ စဉ်းစားမယ် လိုရှုမြင်သူတွေလည်း ရှိနိုင်ပါတယ်" ဟု မစ္စတာ ကိုဖီအာနန်က ပြောသည်။

ထို့ပြင် စက်တင်ဘာလ ၈ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို တွေ့ဆုံနှုတ်ဆက်ခဲ့သေးသည်။

ထို့သို့ သွားရောက်တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတက ရခိုင်ပြည်နယ် ကိစ္စသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ် တစ်ခုဖြစ်ပြီး မစ္စတာ ကိုဖီအာနန်၏ ကျွမ်းကျင်သည့်   ခေါင်းဆောင်မှုဖြင့် ပြဿနာကို ချဉ်းကပ် ဖြေရှင်း နိုင်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly