ဗန်ပါစီကို ဖီနာဘာချီ ပရိသတ်အများအပြား လာရောက်ကြိုဆို

ဗန်ပါစီကို ဖီနာဘာချီ ပရိသတ်အများအပြား လာရောက်ကြိုဆို

ဇူလိုင် ၁၃၊ အစ္စတန်ဘူလ်။ ။ မကြာမီ အသင်း၏တိုက်စစ်မှူးသစ် ဖြစ်လာတော့မည့် ဗန်ပါစီကို ဖီနာဘာချီပရိသတ်ပေါင်းများစွာက အစ္စတန်ဘူလ်မြို့ Sabhia Gokcen လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြသည်။

မန်ယူတိုက်စစ်မှူး ဗန်ပါစီ၏ ယခုအပြောင်းအရွှေ့မှာ အပြီးသတ်နိုင်ခြင်း မရှိသေးသော်လည်း ဗန်ပါစီသည် ကိုယ်ပိုင်လေယာဉ်ဖြင့် မန်ချက်စတာလေဆိပ်မှ အစ္စတန်ဘူလ်မြို့သို့ သွားရောက်ခဲ့ပြီး ဖီနာဘာချီအသင်းတာဝန်ရှိသူများ၊ ပရိသတ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဗန်ပါစီသည် တူရကီသို့ မသွားမီ လေယာဉ်ပေါ်တက်ခါနီးတွင် မိသားစုနှင့် အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး မန်ချက်စတာလေဆိပ်မှ အစ္စတန်ဘူလ်သို့ သွားတော့မည်ဟု ဆိုကာ လူမှုဝက်ဆိုက် စာမျက်နှာပေါ်သို့ တင်ခဲ့သည်။

ဖီနာဘာချီအသင်း၏ လည်စီးပဝါကို စည်းပြီး Sabhia Gokcen လေဆိပ်သို့ ရောက်ရှိလာသော ဗန်ပါစီကို ပရိသတ်များက တိုးဝှေ့ကြိုဆိုခဲ့ကြပြီး အချို့မှာ မီးရူးမီးပန်းများဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။

အပြောင်းအရွှေ့မှာ အပြီးသတ်ရခြင်း မရှိသေးသော်လည်း ဗန်ပါစီသည် တစ်ပတ်လုပ်ခ လစာငွေ ပေါင် ၂၄၀,၀၀၀ ဖြင့် သုံးနှစ် စာချုပ် ချုပ်ဆိုမည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

ဗန်ပါစီသည် အာဆင်နယ်မှ မန်ယူသို့ စတင်ပြောင်းရွှေ့ခဲ့သည့်နှစ်က ဂိုး ၃၀ အထိသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရပြီးနောက်တွင် နည်းပြသစ်ဗန်ဟားလ်လက်အောက်၌ ၂၉ ပွဲတွင် ၁၀ ဂိုးသာ သွင်းနိုင်ခဲ့သည်။

မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်က ဗန်ပါစီ၏ အပြောင်းအရွှေ့ကို ယခုအချိန်အထိ အတည်ပြုခြင်း မရှိသေးပေ။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly