လှိုင်သာယာတွင် ဓါးဖြင့်ထိုးခံရသောကြောင့် ရဲတစ်ဦး သေဆုံးပြန်

လှိုင်သာယာတွင် ဓါးဖြင့်ထိုးခံရသောကြောင့် ရဲတစ်ဦး သေဆုံးပြန်

ရန်ကုန်၊ စက်တင်ဘာ ၈ ။                   ။ မသင်္ကာဖွယ် လူလေးဦးကို သတင်းအရ လှည့်ကင်းဆောင်ရွက်နေသော နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့မှ သွားရောက် စစ် ဆေးရာတွင် ဓါးဖြင့်ပြန်လည် ထိုးခြင်းကြောင့် ရဲဒုတပ်ကြပ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် နဝဒေးဥယျဉ် အိမ်ယာရှေ့တွင် ည ၁၂နာရီခွဲ ဝန်းကျင် အချိန်ခန့်က လှည့်ကင်း ဆောင်ရွက် နေသော နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့က မသင်္ကာဖွယ် လူလေးဦးကို သွားရောက်စစ် ဆေးရာ အဆိုပါလေးဦးအနက်မှ စန်းလင်းအောင်ဆိုသူက ဓါးဖြင့် ပြန်လည် ထိုးခြင်းကြောင့် နယ်ထိန်း ဒုတပ်ကြပ် ရဲသီ ဟ၏ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာရရှိခဲ့သဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် အင်းစိန်ဆေးရုံသို့ တင် ပို့ ကုသခဲ့ရာ စက်တင်ဘာ ၈ရက် မနက် ၉နာရီ ခွဲဝန်းကျင်အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

"ည ၁၂ နာရီ ၂၀လောက်မှာ ကင်းလှည့်တဲ့အချိန် လမ်းပေါ်မှာ ရှိတဲ့လူတွေကို မေးလိုက်တဲ့အချိန်မှာ အမေးခံရတဲ့အဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီး ဓါးနဲ့ အထိုးခံရတယ်လို့တော့ပြောတယ်။ ရင်ညွန့်ကို ထိုးတာလို့တော့ပြောတယ်" ဟု လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဓါးဖြင့်ထိုးခဲ့သူအပါအဝင် ကျူးလွန်သူ လေးဦးစလုံးကို ဖမ်းဆီးရမိထားပြီး လှိုင်သာယာ မြို့မရဲစခန်း (ပ)၁၉၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၁၁၄ မှ ၃၀၂/၁၁၄ဖြင့်
ပြောင်းလဲစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly