Apple ၏ နည်းပညာတော်လှန်ရေး iPhone 7

Apple ၏ နည်းပညာတော်လှန်ရေး iPhone 7

စမတ်ဖုန်းထုတ်လုပ်မှုတိုင်းက features အသစ်အသစ်တွေ ဖန်တီးပြီး ထုတ်လုပ်နိုင်ဖို့ကိုပဲ လုံ့လစိုက်နေကြတာဟာ ပုံမှန်ဆိုသလို ဖြစ်နေပါတယ်။

Apple ရဲ့ iPhone 7 ကတော့ ဒီပုံသေလမ်းကြောင်းကနေ ထိုးဖောက်ပြီး ပုံမှန်နားကြပ်ပေါက်ကို ဖယ်ရှားလို့ နည်းပညာသစ်နဲ့ ထုတ်လုပ်လိုက်ပါတယ်။

ဆန်ဖရန်စစ္စကိုမှာ စက်တင်ဘာ ၇ ရက်က iPhone 7 နဲ့ 7plus မိတ်ဆက်ပြသမှုပွဲကျင်းပရာမှာ Apple ကုမ္ပဏီရဲ့ ဈေးကွက်မန်နေဂျာဖြစ်သူ Phil Schiller က သတ္တိစွမ်းအားဖြင့် ကုမ္ပဏီက အပြောင်းအလဲတစ်ရပ်ကို တော်လှန်လိုက်တာလို့ ပြောလိုက်ပါတယ်။

စမတ်ဖုန်းခေတ်သစ်တစ်ရပ်ကို Apple က ၃ ဒဿမ ၅၅ မီလီမီတာရှိတဲ့ နားကြပ်ပေါက်အစား အားသွင်းပေါက်မှာ နားကြပ်တပ်ဆင်နားဆင်နိုင်တဲ့ စနစ်နဲ့ ကြိုးမဲ့နားကြပ်ဖြစ်တဲ့ Airpod တို့ကို တီထွင်ပြီး နည်းပညာခေတ်သစ်တစ်ရပ် ဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်။

ဖုန်းမှာ စပီကာနဲ့ နှစ်လုံးတပ်ကင်မရာတွေအတွက် နေရာပေးဖို့အတွက် နားကြပ်ပေါက်ကို အဆုံးသတ်လိုက်တာလည်းဖြစ်ပါတယ်။ အားသွင်းပေါက် Lighting port ပေါက်ကနေ နားကြပ်သွယ်တန်းနိုင်မယ့် adapter လေးတစ်ခု iPhone 7 နဲ့ iPhone 7plus တို့မှာ ပါရှိလာမှာဖြစ်ပါတယ်။ ဒါနဲ့ နားကြပ်ကို သွယ်ပြီး နားဆင်တာက အသံအရည်သွေး ပိုမိုကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။

ဒီလို နားကြပ်ပေါက်ကို ဖယ်ရှားလိုက်တဲ့အပြင် iPhone 7 နဲ့ iPhone 7 plus တွေကို ရေစိုခံနိုင်စွမ်းလည်း မြှင့်တင်ထားသလို ဘတ္တရီအားကိုလည်း ပိုမိုအသုံးခံနိုင်အောင် တီထွင်ထားပါတယ်။ iPhone 7 ရဲ့ သိုလှောင်မှု စွမ်းရည်က အနိမ့်ဆုံး 32 GB က စတာဖြစ်ပါတယ်။ ဈေးနှုန်းတွေကလည်း သိုလှောင်စွမ်း အနိမ့်ဆုံး 32 GB iPhone 7 က ဒေါ်လာ ၆၄၉ ဒေါ်လာနဲ့ iPhone 7 plus ကတော့ ၇၆၉ ဒေါ်လာကနေစပြီး ရောင်းချမှာဖြစ်ပါတယ်။

iPhone 7 နဲ့ iPhone 7plus ဖုန်းတွေကို အရောင်အားဖြင့်လည်း ငါးမျိုးထုတ်ထားပြီး အကြိုအဝယ်အမှာစာကို စက်တင်ဘာ ၈ ရက်မှစတင်လို့ လက်ခံနေပြီး စက်တင်ဘာ ၁၆ ရက်မှာတော့ အရောင်းခန်မတွေဆီ ရောက်လာတော့မှာဖြစ်ပါတယ်။

Apple ရဲ့ ထူးခြားတဲ့ အသစ်တီထွင်မှုဖြစ်တဲ့ Airpod ဆိုတာကတော့ နားကြပ်ကိရိယာတစ်ခုပါပဲ။ ဒါပေမယ့် ကြိုးမဲ့နားကြပ်ပါ။ iPhone နဲ့ Bluetooth နဲ့ ချိတ်ဆက်ပြီး အသုံးပြုသွားနိုင်တဲ့ နားကြပ်ဖြစ်ပါတယ်။ ဒါပေမယ့် Apple ထုတ် Airpod နားကြပ်ဟာ အခြား Bluetooth ကိရိယာတွေနဲ့ ချိတ်ဆက်နိုင်မှာလား၊ Apple ပစ္စည်းတွေနဲ့ ချိတ်ဆက်နိုင်တာလားဆိုတာတော့ မသိရသေးပါဘူး။

ရှစ်ဂရမ်သာ အလေးချိန် ရှိတဲ့ ဒီ Airpod ကိုတော့ ဒေါ်လာ ၁၅၉ ဒေါ်လာလောက်နဲ့  အောက်တိုဘာ နှောင်းပိုင်းလောက်မှာ ဈေးကွက်တင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

နည်းပညာနယ်ပယ်တစ်ခုလုံး စိတ်ဝင်စားစောင့်ကြည့်နေတဲ့ Apple ရဲ့ iPhone 7plus ကို မိတ်ဆက်ပြသရာမှာ ကင်မရာပိုင်းရဲ့ တီထွင်ဆန်းသစ်မှုကိုလည်း တွေ့ရပါတယ်။ ကင်မရာ နှစ်လုံးတပ်ဆင်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

ဒါအပြင် စက်တင်ဘာ ၇ ရက် ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Apple Watch Series 2 ကိုလည်း Apple က ပြသခဲ့ပါတယ်။ ဒီစမတ်နာရီတွေကိုတော့ စက်တင်ဘာ ၁၃ ရက်မှ ဈေးကွက်တင်ရောင်းချမှာပါ။ စမတ်နာရီသစ် မိတ်ဆက်မှုနဲ့အတူ ရေပန်းစားလူကြိုက်များနေတဲ့ Pokemon ဂိမ်းကိုလည်း Apple စမတ်နာရီတွေမှာ ဆော့ကစားနိုင်တော့မှာ ဖြစ်တယ်ဆိုတာလည်း မိတ်ဆက်ပြသသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags