ရခိုင်တွင် စက်လှေနစ်မြုပ်ပြန်၊ လူသေဆုံးမှုရှိ

ရခိုင်တွင် စက်လှေနစ်မြုပ်ပြန်၊ လူသေဆုံးမှုရှိ

တောင်ကုတ်၊ စက်တင်ဘာလ ၇ ရက်။            ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ရမ်းဗြဲမြို့နယ် စကုကျွန်းသို့ ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေ တစ်စီးမှာ ယနေ့ နံနက်က နစ်မြုပ်ခဲ့သည်။

စက်လှေတွင် ခရီးသည် ၂၀ ဦးခန့် စီးနင်းလိုက်ပါလာခဲ့ပြီး တောင်ကုတ်မြို့နယ် ခေါင်းလောင်း တူကျေးရွာနှင့် ၆ ဖာလုံခန့်အကွာ နတ်ကန်မြစ်အတွင်း လှိုင်းထန်မှုကြောင့် မတော်တဆ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ခရီးသည် အမျိုးသမီး ၆ ဦးတို့မှာ ပျောက်ဆုံးသွားခဲ့ရာ ၃ ဦး အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်သုံးဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

“တောင်ကုတ်ကနေ စကုကိုပြေးဆွဲနေတဲ့ မော်တော်တွေ အများကြီးရှိပါတယ်။ ဒီနေ့ မနက်ပိုင်းက တောင်ကုတ်ကနေ ထွက်လာတဲ့ စက်လှေတစ်စီး မြုပ်သွားပါတယ်။ အမျိုးသမီး သုံးယောက်အလောင်းကိုတော့ ရထားပြီ။ သုံးယောက်ရှာမရသေးလို့ သိရပါတယ်။ အခုရှာနေတုန်းပါပဲ။ စက်လှေမြုပ်တဲ့နေရာကို တောင်ကုတ် မြို့မရဲစခန်းက တာဝန်ရှိသူတွေနဲ့ မြို့နယ်အုပ်ချူပ်ရေးမှူးတို့လည်း ရောက်နကြပါတယ်။ ဒေသခံတွေကတော့ ဝိုင်းဝန်းပြီးရှာဖွေနေကြပါတယ်။” ဟု ကယ်ဆယ်ရေးအဖွဲ့ဝင် ဦးမြင့်မောင်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကုးတို့ စက်လှေနစ်မြုပ်မှုမှာ ယခုနှစ်အတွင်း စတုတ္တအကြိမ်ဖြစ်ပြီး စစ်တွေမြို့သို့ လာရောက်သည့် အစ္စလမ်ဒုက္ခသည် စက်လှေနစ်မြုပ်မှုသည် ပထမဦးဆုံးအကြိမ်ဖြစ်ကာ ဆက်တိုက်ဆိုသလို ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျောင်းသား စက်လှေနစ်မြုပ်မှုနှင့် ရသေ့တောင်မြို့နယ်မှ ကျောင်းသားစက်လှေနစ်မြုပ်မှုတို့ ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly