ဒဂုံမြို့ အမှတ် ၂၆ ရပ်ကွက် အားကစားကွင်းမြေနေရာ ပုဂ္ဂလိကပိုင်ပြုရန် ကြိုးစားမှု ဒေသခံများ ကန့်ကွက်

ဒဂုံမြို့ အမှတ် ၂၆ ရပ်ကွက် အားကစားကွင်းမြေနေရာ ပုဂ္ဂလိကပိုင်ပြုရန် ကြိုးစားမှု ဒေသခံများ ကန့်ကွက်
ဒဂုံမြို့ အမှတ် ၂၆ ရပ်ကွက် အားကစားကွင်းမြေနေရာ ပုဂ္ဂလိကပိုင်ပြုရန် ကြိုးစားမှု ဒေသခံများ ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - RiA)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက်။                ။  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် ၂၆ ရပ်ကွက် အားကစားကွင်းမြေနေရာကို ပုဂ္ဂလိက လက်သို့ လွှဲပြောင်းပေးရန် စီစဉ်နေမှုနှင့် ပတ်သက်၍ ဒေသခံများက ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ကို ယနေ့ စက်တင်ဘာလ ၇ ရက် မြန်မာ့ဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်ခဲ့သည်။

ပုဂ္ဂလိကပိုင်မြေအဖြစ် သတ်မှတ်ရန် စီစဉ်နေသော မြေနေရာမှာ မိုးစန္ဒာ (၄) လမ်းနှင့် မိုးစန္ဒာလမ်းသွယ်ဒေါင့်တွင် တည်ရှိပြီး ၁၉၉၃ နှစ်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၆ ရပ်ကွက်အဖြစ် မြေကွက်များ ချထားပေးခဲ့ချိန်က ရပ်ကွက်ပိုင် အားကစားကွင်းမြေအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ပြောသည်။

"နိုင်ငံတော်က ဆွဲတဲ့ မြေပုံတိုင်းမှာ ဒီ အားကစားကွင်း မြေနေရာဆိုတာ ထည့်ပေးရပါတယ်။ ဒါက ကျနော်တို့ နိုင်ငံတစ်ခုတည်းမဟုတ်ပါဘူး။ စင်္ကာပူနိုင်ငံလို ကျဉ်းကျဉ်းလေးမှာတောင်မှ ဘလောက်တစ်ခုနဲ့ တစ်ခုကြားမှာ ကလေးတွေအတွက် ကစားကွင်းဆိုတာ ရှိပေးရပါတယ်။ နိုင်ငံတော် တိုးတက်လာတဲ့အချိန်မှာ ကစားကွင်းဟာ ပြည်သူ့အတွက် ဖြစ်ရပါမယ်။" ဟု အမှတ် ၂၆ ရပ်ကွက် အုပ်ချူပ်ရေးမှူးဟောင်း ဦးစိုးနိုင်က ပြောသည်။

၎င်းမြေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီမှ ပုဂ္ဂလိကပိုင်မြေအဖြစ် လွှဲပြောင်းနိုင်ရန် အကြိမ်ကြိမ် စီစဉ်နေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌကြီးသို့ လိပ်မူ၍ စာပေးပို့ခဲ့ပြီးဖြစ်သလို၊ မတ်လ ၂၈ ရက်နေ့ကလည်း တာမွေဟစ်တိုင်ကွင်းတွင် ဒေသခံကများက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖြစ်သော်လည်း ဆက်လက်ဆောင်ရွက်မှုများ ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူများ၏ ပြောကြားချက်အရ သိရသည်။

ယင်းအပြင် ပုဂ္ဂလိကပိုင်ပြုရန် စီစဉ်ခြင်းခံနေရသည့် ကစားကွင်းမြေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စာမှတ် ၁၁၇၉၊ မတ်လ ၄ ရက်နေ့စွဲဖြင့် ကျူးကျော်သူများ ဝင်ရောက်နေထိုင်မှု မရှိစေရန် ယာယီခြံစည်းရိုးကာရံခွင့်ပြုရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly