နှစ်ဖက်သော ဒုက္ခသည်စခန်းများသို့ ရခိုင်ကော်မရှင် ဥက္ကဌနှင့်အဖွဲ့ တွေ့ဆုံ

နှစ်ဖက်သော ဒုက္ခသည်စခန်းများသို့ ရခိုင်ကော်မရှင် ဥက္ကဌနှင့်အဖွဲ့ တွေ့ဆုံ
အောင်မင်္ဂလာရပ်ကွက်ရှိ အစ္စလမ်ဘာသာဝင်များနှင့် ကော်မရှင်တို့ တွေ့ဆုံစဉ်

စစ်တွေ၊ စက်တင်ဘာ ၇ ရက်။                ။  ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့၏ စစ်တွေမြို့နယ် ခရီးစဉ် ဒုတိယနေ့တွင် အစ္စလမ်ဘာသာဝင်နှင့် ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

ပထမဦးစွာ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက်က မစ္စတာ ကိုဖီအာနန်နှင့် အဖွဲ့သည် အစ္စလမ် ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ပြည်နယ်အစိုးရ ဧည့်ဂေဟာတွင် ဦးစွာ တွေ့ဆုံခဲ့ပြီးနောက် စစ်တွေမြို့ရှိ အစ္စလမ်ဘာသာဝင်များ နေထိုင်ရာ အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်ခဲ့သည်။

"ကျနော်တို့ ခု ရင်ဆိုင်နေကြရတဲ့ အဓိက မြို့ပေါ်က မူဆလင်တွေအနေနဲ့ပေါ့နော် ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး၊ သွားရေးလာရေးပေါ့ အခုထက်ထိ ကျနော်တို့ ထွက်လို့မရသေးဘူး။ အဲဒါတွေကို ကော်မရှင်ကနေတဆင့် နိုင်ငံတော် အကြီးအကဲကို တင်ပြဖို့ပေါ့ တောင်းဆိုခဲ့ပါတယ်။"  ဟု တွေ့ဆုံခဲ့သူ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခဒုက္ခသည် အစ္စလမ်ဘာသာဝင် ဦးဇော်ဇော်က ပြောသည်။

ယင်းနောက်တွင် စစ်တွေမြို့ရှိ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ နေထိုင်သည့် မင်းဂံရပ်ကွက်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ၎င်းတို့၏ အခက်အခဲများကို တွေ့ဆုံမေးမြန်းခဲ့သည်။

" သူပြောတာပေါ့နော် မြန်မာနိုင်ငံကို ကော်မရှင်ဖွဲ့ပြီး ဝင်လာရတာက တိုးတက်ဖို့အတွက်လို့ပဲ ပြောတယ်။ ဘယ်လို တိုးတက်ဖို့လဲ။ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မြင်တယ်။ ကျနော်တို့ကတော့ သူတို့ကို ယုံကြည်စိတ်ချမှု မရှိပါဘူး။ မရှိဘူး ဆိုတာက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက လည်း ပြောခဲ့တယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် လည်း ပြောတယ်။ ရိုဟင်ဂျာ မရှိဘူးဆိုတာပေါ့။ သူတို့ နိုင်ငံတကာက ကျနော်တို့ ရခိုင်ကိုပဲ ဖိအားပေးပြီးတော့ ရိုဟင်ဂျာ ရှိတယ် ရှိတယ်ဆိုပြီးတော့။ ဒါကြောင့် သူတို့ကို ကျနော်တို့ ဘယ်လိုမှ ယုံလို့မရနိုင်ပါဘူး" ဟု ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခဒုက္ခသည် ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသား ဦးကျော်အေးက ပြောသည်။

ထို့နောက် ကိုဖီအာနန်နှင့် အဖွဲ့သည် စစ်တွေလေဆိပ်မှ တဆင့် ရန်ကုန်မြို့သို့ နေ့လည် ၂ နာရီတွင် ထွက်ခွာခဲ့ပြီး ဒေသခံများက ကော်မရှင်ကို အလိုမရှိကြောင်း ဆန္ဒပြကန့်ကွက်မှုကို ထပ်မံ ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly