လေးလောင်းပြိုင် လူသတ်မှုအတွက် ရဲမှူးကြီးမျိုးဆွေ ဘာပြောသလဲ

လေးလောင်းပြိုင် လူသတ်မှုအတွက် ရဲမှူးကြီးမျိုးဆွေ ဘာပြောသလဲ
ဓာတ်ပုံ-ဖေဇော်

(ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် ပေါ်ပေါက်ခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက်ထုတ် ကြေးမုံသတင်းစာတွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေနှင့် မှုခင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူး ကြီးသာထွန်းတို့နှင့် တွေ့ဆုံမေးမြန်းထားသည်ကို ပြန်လည် ဖေါ်ပြခြင်းဖြစ်ပါသည်။)

ဩဂုတ်လ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် ရွှေနံ့သာကျေးရွာတွင် ဖြစ်ပွားခဲ့သော မိသားစုလေးဦး တစ်ပြိုင်တည်း အသတ်ခံရသည့်အမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုမှန် ပေါ်ပေါက်ရေး အတွက် အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။

ပြည်သူများ အထူးစိတ်ဝင်စားနေသည့် အဆိုပါ လေးလောင်းပြိုင် လူသတ်မှုအား အမှုမှန် အမြန်ပေါ် ပေါက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေနှင့် မှုခင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးသာထွန်းတို့နှင့် မြန်မာ့ သတင်းစဉ်က တွေ့ဆုံ မေးမြန်း ထားသည်များကို တင်ပြလိုက်ရပါသည်-

မေး။ ။ လေးလောင်းပြိုင် လူသတ်မှုနဲ့ပတ်သ်သက်ပြီးတော့ သွားရောက် စစ်ဆေးခဲ့ရာမှာ တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ပထမဆုံး ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ။ အမှုဖြစ်ပွားတယ်လို့ သတင်းရတာနဲ့ ချက်ချင်းပဲတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနဲ့ ကျွန်တော်တို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့အပြင် မှုခင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး၊ မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မင်္ဂလာဒုံမြို့မရဲစခန်းမှူးတို့လည်း လိုက်ပါစစ်ဆေးခဲ့ကြပါတယ်။

ကျွန်တော်တို့ စတင်ဝင်ရောက်စစ်ဆေးချိန်မှာ နေအိမ်ရှေ့ဘုရားခန်းမှာ ကိုစိုးနောင်နဲ့ သူ့ရဲ့ သားကြီးဖြစ်သူ ဟန်သူရတို့ သေဆုံးနေ တာ တွေ့ရ ပါတယ်။ ကိုစိုးနောင်ရဲ့ဇနီး မချယ်ရီပွင့် က နေအိမ် မီးဖိုခန်းမှာ သေဆုံးနေ တာတွေ့ရပါတယ်။ သားငယ် စွမ်းထက်မြက်ကတော့ အခန်းထဲက ခုတင်ပေါ်မှာ သေဆုံးနေတာတွေ့ရပါတယ်။

ကျွန်တော်တို့ စစ်ဆေးတဲ့အခါမှာ ထမင်းစားခန်းစားပွဲအောက်နဲ့ ဗီရိုရှေ့မှာ သွေးကွက်တွေတွေ့ရပြီး အဲဒီတွေ့ရတဲ့ သွေးကွက်အချို့ကို အဝတ်နဲ့သုတ်ထားတာတွေ့ရပါတယ်။ အဲဒီအဝတ်တွေကတော့ ကိုစိုးနောင်ရဲ့ စွပ်ကျယ်ချိုင်းပြတ်နဲ့ သားကြီး ဟန်သူရရဲ့ ဘောင်းဘီဖြစ် တာကို တွေ့ရပါ တယ်။ သွေးသုတ် ထားတဲ့ ကိုစိုးနောင်ရဲ့ စွပ်ကျယ်ကို သူတို့အိပ်တဲ့ ခုတင်စောင်းမှာ တန်းလန်းတင်ထားတာတွေ့ရပြီး သွေးသုတ်ထားတဲ့ ဟန်သူရရဲ့ဘောင်းဘီကိုတော့ ထမင်းစားစားပွဲအောက်မှာ တွေ့ရပါတယ်။

မေး။ ။ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ တွေ့ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ သေဆုံးသူ ကိုစိုးနောင်က ပက်လက်အနေအထားနဲ့သေဆုံးနေပြီး ယာဘက်ရင်အုံ၊ ရင်ညွန့်၊ ဝဲဘက်ရင်အုံ၊ဝဲရင်အုံအောက်တွေမှာ ထိုးသွင်းဒဏ်ရာ စုစုပေါင်းလေးချက် တွေ့ရှိရပါတယ်။ မောင်ဟန်သူရက ဒဏ်ရာငါးချက်၊ မချယ်ရီပွင့်မှာ ဒဏ်ရာ ၁၂ ချက်၊ မောင်စွမ်းထက်မြက်မှာတော့ ဒဏ်ရာ လေး ချက်နဲ့ သေဆုံးနေတာတွေ့ရပါတယ်။

မေး။ ။ အခုလို တွေ့ရှိရတဲ့ဒဏ်ရာတွေဟာ ဘယ်လိုလက်နက်မျိုးနဲ့ ကျူးလွန်ခဲ့ တယ်ဆိုတာရယ်၊ သက်သေခံပစ္စည်းတွေ့ရှိမှုအခြေအနေကိုလည်း ရှင်းပြပေးပါ။

ဖြေ။ ။ အင်းစိန်မှုခင်းဆရာဝန်ကြီးနဲ့ တွေ့ဆုံမေးမြန်းချက်အရ ရရှိတဲ့ဒဏ် ရာတွေဟာ တစ်ဖက်တုံး၊ တစ်ဖက်သွားရှိ ထိုးသွင်းဒဏ်ရာတွေဖြစ်တယ်လို့ သိရပါတယ်။နေအိမ်ထဲမှာ ရှာဖွေတွေ့ရှိချက်အရ အရိုး၊ အသွား ၁၁လက်မခန့်ရှိတဲ့ ဓားမြောင် တစ်ချောင်းကို သေဆုံးသူကိုစိုးနောင်ရဲ့ ဝဲဘက်လက်နဲ့ ခုနစ်လက်မလောက်အကွာမှာ တွေ့ရပါတယ်။

မေး။ ။ အဲဒီဓားဟာ ဘယ်သူ့ဓားဆိုတာ စုံစမ်းလို့ရပါပြီလား။

ဖြေ။ ။ အဲဒီဓားက သေဆုံးသူ ကိုစိုးနောင်ရဲ့ ဓားဖြစ်ပါတယ်။ ဘာလို့ ဒီလိုပြောနိုင်သလဲဆိုတော့ ကိုစိုးနောင်ရဲ့ ဧည့်ခန်းဗီရိုပေါ်မှာ ဒီဓားရဲ့ ဓားအိမ်ကို တွေ့ရှိခဲ့လို့ရယ်၊ သေဆုံးသူ မချယ်ရီပွင့်ရဲ့ မောင်အရင်း တော်စပ်တဲ့ လှည်းကူးမြို့မရဲစခန်းက ရဲတပ်သား မင်းစည်သူရဲ့ပြောပြချက်အရရယ်ကြောင့် ဒီဓားဟာ ကိုစိုးနောင် ကိုင်ဆောင်တဲ့ ဓားဆိုတာ သိရှိရတာဖြစ်ပါတယ်။

မေး။ ။ စစ်ဆေးတဲ့အခါမှာ အဲဒီအိမ်အတွင်းကနေအခြားထူးခြားတဲ့ အချက်တွေ့ ရှိခဲ့ရင် သိချင်ပါတယ်။နောက် အိမ်ရဲ့ပတ်ဝန်းကျင် အနေအထားနဲ့ ပတ်သက် လို့လည်း နည်းနည်းလောက် ရှင်းပြပေးပါ။

ဖြေ။ ။ အိမ်ထဲကနေ စာအုပ် ၅၀ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ အဲ့ဒီ စာအုပ်တွေကတော့ ဂမ္ဘီရ ဝတ္ထု စာအုပ်တွေနဲ့ ဖြစ်ရပ်မှန်မှုခင်း စာအုပ်တွေ ပဲဖြစ်ပါတယ်။ ဒီစာအုပ်တွေကို နေအိမ်ဧည့်ခန်းထဲက ဗီရိုထဲကနေ သိမ်းဆည်း ရရှိခဲ့ပါတယ်။ အိမ်ရဲ့ ပတ်ဝန်းကျင်မှာလည်း ယတြာချေထားတဲ့ အထုပ် ရှစ်ထုပ်တွေ့ ရှိခဲ့ရပါတယ်။ အရှေ့ဘက်အိမ်နဲ့ ၆၅ ပေလောက်ကွာဝေးပြီး အိမ်ရဲ့ ဝဲဘက်အိမ်က ပေ ၁၅၀ လောက်ဝေးတဲ့ အတွက်တော်ရုံတန်ရုံ ရုန်းရင်းဆန်ခတ်ဖြစ်တာကို သာမန်အနေအထားအရ ကြားရဖို့ မလွယ်တာကို တွေ့ရပါတယ်။

မေး။ ။ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဆောင်ရွက်နေမှုကို ပြောပြပေးစေ လိုပါတယ်။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ တစ်မိသားစုလုံး အသတ်ခံရ တာကို ဖြစ်စဉ် အမှန်ပေါ်ပေါက်ရေးအတွက် ဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းဖော် ထုတ်နေပါတယ်။ အထူးအမှုစစ်အဖွဲ့တွေခွဲပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်ဆက်စပ်သူတွေ၊ သေဆုံးသူကိုစိုးနောင် တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်တုန်းက ပတ်သက်ဆက်နွှယ်ခဲ့သူတွေ၊ လူမှုရေးအရ ပတ်သက်ဆက်နွှယ်သူ ၆၂ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မှုခင်းဆရာဝန်ကြီးတွေအပိုင်းက တွေ့ရှိချက်တွေ အပေါ် အသေး စိတ် ထင်မြင်ယူဆချက်တွေနဲ့အညီ ပေါင်းစပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဓာတ်ပုံထဲပါတဲ့ မသင်္ကာသူ သုံးယောက်နဲ့ပတ်သက်လို့ အခြေ အနေလေး သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ပါတယ်။ မသင်္ကာသူ သုံးယောက်နဲ့ပတ်သက်လို့ သေဆုံးသူ မချယ်ရီပွင့်ရဲ့ တယ်လီဖုန်း ထဲကဓာတ်ပုံ သုံးပုံကို ထုတ်ယူရရှိခဲ့ပါတယ်။ အဲဒီဓာတ်ပုံမှာပါတဲ့ မသင်္ကာသူ သုံးယောက်ကိုလည်း အပူတပြင်း ရှာဖွေဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့တွေနဲ့ တပ်ဖွဲ့အသီးသီးကို ဓာတ်ပုံ ပါသူတွေ ကိုစုံစမ်းပေးနိုင်ဖို့ဖြန့်ဝေ ထားပြီး ဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဆောင်ရွက်မှုအခြေအနေကို ပြည်သူတွေသိရှိနိုင်ဖို့ အခုလို ရှင်းပြရခြင်းဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့ အတွက်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့ တို့ပူးပေါင်းပြီး အပူတပြင်း ဆောင်ရွက်နေပါတယ်။သဲလွန်စမှတ်တမ်းတွေကိုလည်း အသေးစိတ်ရယူ ထားရှိပြီး ဖြစ် ပါတယ်။ အခင်းဖြစ်အရပ်ကနေရရှိတဲ့ သဲလွန်စတွေအပေါ်အခြေခံပြီး ဆက်စပ်ဖော်ထုတ်မှုတွေ ဆက်လုပ် နေပါ တယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ်သိထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ သတင်းပေး လိုရင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဖုန်း-၀၁-၂၃၂၃၁၉၉၊၀၁-၂၃၀၁၆၄၆၊ ၀၁-၂၃၀၀၇၄၇ ကို ဆက်သွယ် သတင်းပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဟုတ်ကဲ့။ အခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း- မင်းသစ်(သတင်းစဉ်)၊ ဇော်ကြီး(ပဏီတ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly