ခိုလှုံရာမဲ့ ကလေးငယ်ပေါင်း သန်း ၅၀ နီးပါးရှိဟု ယူနီဆက်ဖ်ပြော

ခိုလှုံရာမဲ့ ကလေးငယ်ပေါင်း သန်း ၅၀ နီးပါးရှိဟု ယူနီဆက်ဖ်ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၇ ။              ။ စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် နှိပ်စက်ညည်းပန်းမှုများကြောင့် မွေးရပ်တိုင်းပြည်မှ စွန့်ခွာထွက်ပြေးရမှုများတွင် ကလေးငယ်များ ဦးရေက ကမ္ဘာ့တစ်ဝန်းတွင် သန်းပေါင်း ၅၀ နီးပါးရှိကြောင်း ကုလသမဂ္ဂနိုင်ငံတကာကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က စက်တင်ဘာ ၇ ရက်၌ ပြောသည်။

“လှေစီးရွှေ့ပြောင်းကလေးတစ်ဦး ရေနစ်ပြီး ကမ်းခြေမှာ မှောက်ခုံလေးလာတင်တဲ့ပုံရယ်၊ လူနာတင်ကားအတွင်းမှာ သွေးလူးလူး၊ ဖုန်လူးလူးနဲ့ ကလေးငယ်တစ်ဦး ကြက်သေသေ ထိုင်နေတဲ့ပုံတွေရယ် ကမ္ဘာကို ခြောက်ခြားစေတယ်။”ဟု ယူနီဆက်ဖ်အမှုဆောင်ဒါရိုက်တာ အန်သော်နီလိတ်က ပြောသည်။

“ဒါပေမယ့် ဒီပုံလေးနှစ်ပုံက အန္တရာယ်တွေ ပြွန်းနေတဲ့ ကလေးငယ်သန်းပေါင်းများစွာကို ကိုယ်စားပြုနေတာပဲဖြစ်တယ်။ ဒါက ကျွန်တော်တို့တွေ ကလေးငယ်တွေအတွက် ကြင်နာကရုဏာပေးမှုကို ပိုပြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေတာကိုလည်း ပြသပါတယ်။”ဟု ၎င်းက ပြောသည်။

ကမ္ဘာ့လုံးဆိုင်ရာ အချက်အလက်သုတေသနပြုမှုအရ ဆူပူအကြမ်းဖက်မှုများနှင့် ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းရသည့် ကလေးငယ်များမှာ ဒုက္ခသည်ကလေးငယ် ဆယ်သန်းအပါအဝင် ၂၈ သန်းရှိကြောင်း ယူနီဆက်ဖ်က တွေ့ရှိသည်။

ဒုက္ခသည်အဖြစ် ရရှိရန်စောင့်ဆိုင်းနေသည့် ကလေးငယ်ပေါင်းက တစ်သန်းရှိကာ မူရင်းနိုင်ငံတွင်းမှာပင် နေရပ်ပြောင်းရွှေ့နေရပြီး လူသားချင်းစာနာမှု အကူအညီများနှင့် ဝန်ဆောင်မှုများ ရရှိမှု ချို့ငဲ့ေနေသည့် ကလေးငယ်ဦးရေက ခန့်မှန်း ၁၇ သန်းရှိသည်။

အခြားသော သန်း ၂၀ နီးပါးကလေးငယ်များကလည်း ဂိုဏ်းဖွဲ့အကြမ်းဖက်မှုများ၊ အလွန်ဆင်းရဲမွဲတေမှုများစသည့်အကြောင်းများကြောင်း နေရပ်စွန့်ခွာနေရသည်။

“အလွဲသုံးစားလုပ်ခံရတာတွေ၊ နိုင်ထက်စီးနင်းထိန်းသိမ်းခံထားရတွေကလည်း အများကြီးပါ။ ဒါတွေကတော့ မှတ်တမ်းမှတ်ရာမရှိဘူးဖြစ်နေတယ်။ ကလေးငယ်တွေ ဒုက္ခသုက္ခတွေထဲ လည်စင်းခံနေရတာတွေ စနစ်တကျခြေရာကောက် စောင့်ကြည့်တာတွေ မရှိဘူးဖြစ်နေတယ်။”ဟု ယူနီဆက်ဖ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags