နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ လွတ်မြောက်ရေးတောင်းဆိုသည့် လက်မှတ်များကောက်ခံ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ လွတ်မြောက်ရေးတောင်းဆိုသည့် လက်မှတ်များကောက်ခံ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်ခံထားရခြင်းမှ ခြွင်းချက်မရှိ အမြန်ဆုံးပြန် လွှတ်ပေးရန် တောင်းဆိုသည့် လက်မှတ်များကို ရန်ကုန်မြို့တွင် ကောက်ခံခဲ့ရာ လက်မှတ်နှစ်ရာကျော် ရရှိခဲ့သည်ဟု ကရင်အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) မှ ဒါရိုက်တာဒေါ်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

ဒေါ်နော်အုန်းလှကို အမြန်ဆုံးပြန်လွှတ်ပေးရန် လက်မှတ်များကောက်ခံခြင်းကို ရန်ကုန်မြို့တွင် ဇူလိုင် ၂ရက်မှ ၄ ရက်အထိကျင်းပ ခဲ့သော ကရင်အမျိုးသားအကြို ညီလာခံတွင် ကောက်ယူခဲ့ခြင်းဖြစ်သည်။

ဒေါ်ဆူဇန်နာလှလှစိုးက “ ဒေါ်နော်အုန်းလှကို အခု ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကလည်း များတယ်။ ဒီ့အပြင် နောက်ထပ် မြို့နယ် သုံးခုအတွက်လည်း ပြစ်ဒဏ်တွေ ထပ်ချဖို့ ရှိနေသေးတယ်ဆိုတော့ ဒါဟာ အမျိုးသမီးတစ်ဦးအပေါ် တော်တော့်ကို မတရားရာ ကျနေတာမို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လက်မှတ် ကောက်ခံမှုတွေ လုပ်ရခြင်း ဖြစ်ပါတယ်” ဟုဆိုသည်။

ကရင်အမျိုးသမီးအစည်းအရုံး၏ ဥက္ကဋ္ဌ နန်းဒါးအက်ကလယ်ကလည်း လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့် တို့နှင့်ပတ်သက်၍ အစိုးရက ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သော်လည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်သူ တစ်ဦးကို အခုလို ဖမ်းဆီးအပြစ်ပေးခြင်းသည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်သော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်ဟုဆို သည်။

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီမှ နန့်ခင်အေးဦးက “ဒေါ်နော်အုန်းလှကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေက များနေတဲ့အတွက် လျှော့ပေါ့ပေးဖို့သာမက လုံးဝလွှွှတ်ပေးဖို့ ကရင်လူမျိုးတစ်ယောက် အနေနဲ့ တောင်းဆိုရာမှာ ဝိုင်းဝန်းပါဝင် ခဲ့ခြင်း ဖြစ်ပါတယ်။ တကယ် လွှတ်ပေးဖို့ အတွက်ကတော့ လက်ရှိတိုင်းပြည်မှာ ကျင့်သုံးနေတဲ့ တရားစီရင်ရေး စနစ်ပေါ်မှာ လည်း မူတည်နေသေးတယ်” ဟုဆိုသည်။

ဒေါ်နော်အုန်းလှသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးနှင့် ပတ်သက် ပြီးတောင်သူဒေါ်ခင်ဝင်းသေနတ် မှန်သေဆုံးခြင်းအတွက် တရုတ်သံရုံးရှေ့ဆန္ဒပြမှု၊ လက်ပံတောင်းတောင် အရေးအခင်းတွင် မီးလောင်ဗုံး ဖြိုခွဲခံရခြင်းနှစ်ပတ် လည်နေ့ ဆန္ဒပြမှု၊ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်း လှုပ်ရှားခဲ့မှု စသော လှုပ်ရှားမှုများအတွက် စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ၄ လ ချမှတ်ခံထား ရသူဖြစ်သည်။ ယင်းအပြင် လက်ရှိတွင်လည်း ပုဒ်မ ၁၈ ဖြင့် အမှုများ ရင်ဆိုင်နေရသူ ဖြစ်သည်။

ဒေါ်ဆူဇန်နာလှလှစိုး “နော်အုန်းလှက လူ့အခွင့်အရေး ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ သူ့ကို ဒီလိုမျိုးပြစ်ဒဏ်တွေနဲ့ ချမှတ် လိုက်တာဟာ လက်မခံနိုင်စရာပါ” ဟုလည်း ဆိုသည်။

“ နော်အုန်းလှက ကရင်အမျိုးသမီးတစ်ဦး ဖြစ်တယ် ဆိုပေမယ့်သူဟာ  လယ်သမားအရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးကို ရုန်းကန်လှုပ်ရှားနေတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်တယ်။ ဒီလို တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး၊ ပြစ်ဒဏ်ကြီးကြီးတွေ ချမှတ်လိုက်တာဟာ နောက်ထပ် လှုပ်ရှားမှုတွေ လုပ်မယ့် သူတွေကိုပါ သက်ရောက်မှုဖြစ်စေမှာ စိုးရိမ်မိပါတယ်” ဟုလည်း ဆက်လက် ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly